
Aug 1, 2022
မြန်မာနိုင်ငံတွင် သာမန်အားဖြင့် ခေတ်ဟောင်းအဝတ်အစား၊ ဖက်ရှင်များ၊ တစ်ပတ်ရစ်များ ပြန်လည်ရောင်းချခြင်းကို ဘေလုပ်ငန်းဟုခေါ်ကြသည်။ ထိုအဝတ်အထည်၊ ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းသောအခါ ကြီးမားသော အထုတ်အပိုးပုံစံဖြင့် တင်သွင်းကြသောကြောင့် ဘေထည်၊ (ဘေအဝတ်အထည်) များဟုလည်းခေါ်ကြသည်။ ထိုအထုတ်များတွင် အမျိုးမျိုးသော ဖက်ရှင်ဆိုင်ရာပစ္စည်းများ၊ အလှအပဆိုင်ရာပစ္စည်းများ၊ လူ့အသုံးအဆောင်များ ပါဝင်ကြပြီး တစ်ခါတရံတွင် ကမ္ဘာအဝန်းမှ နာမည်ကြီးကုမ္ပဏီများ၏ အရေအတွက်အကန့်အသတ်ဖြင့် ထုတ်လုပ်သော ရှားပါးပစ္စည်းများပင် ပါလာတတ်ကြသည်။ ယခုကဲ့သို့ ဘေဆိုင်များ၊ တစ်လက်ကိုင်၊ တစ်ပတ်ရစ်ဆိုင်များသည် စကော့တလန်နိုင်ငံမှ စတင်ခဲ့ပြီး ယခုအခါတွင် နိုင်ငံအများစု၌ တွေ့ရှိနိုင်နေပြီဖြစ်သည်။