စမ်းလှမ်း‌ကျေးရွာမိတ်ဆက်

စမ်းလှမ်း‌ကျွေးရွာသည် ထားဝယ်မြို့မှ ၁၈မိုင်ခန့်အကွာ တနင်္သာရီတိုင်း‌‌ဒေ‌သကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် တွင် တည်ရှိသော ရွာလေးတရွာ  ဖြစ်ပါသည်။ စမ်းလှမ်း‌ကျေးရွာသည် ပင်လယ်ပြာအောက်တွင် စိမ်းစိုလှပသော တောင်တန်းများ တိမ်ငုပ်နေသော အလှတရားများ ရှိသည့် ကမ်းခြေများ နှင့် ကျွန်းတို့ဖြင့် ဝန်းရံထားသော သာယာလှပသောရွာလေးတစ်ရွာဖြစ်သည်။ လူထု အခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism, CBT) ကို စမ်းလှမ်းရွာ တွင် ၂၀၁၈ခုနှစ်မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ရခြင်းမှာ ရပ်ရွာရှိပြည်သူလူထုများသည် ခရီးသွားကဏ္ဍဖြင့် တဖက်တလမ်းမှ လူ‌နေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် အတွက် ရည်ရွယ်ပါသည်။

စမ်းလှမ်းကျေးရွာ၏အလှ (ဓာတ်ပုံ - ဦးသိန်းစိုး) 

ဒေသခံများ၏အသက်‌မွေးဝမ်းကြောင်း

စမ်းလှမ်း‌ကျေးရွာရှိဒေသခံများသည် တံငါလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပါသည်။ ကျေးရွာ၏ကမ်းရိုးတန်းတလျှောက်ရှိ ဒေသခံတို့သည် ပင်လယ်စာလုပ်ငန်းများဖြစ်သော ပုစွန်ခြောက်၊ ကင်းမွန်ခြောက်၊ ငါးကွမ်းရှပ်ခြောက် နှင့် ငါးနီတူခြောက် ပြုလုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုကြပါသည်။  ဒေသခံတို့က ပင်လယ်စာအခြောက်များကို တာရှည်ခံပြီး လူအများကြာရှည်စွာစားသုံးနိုင်ရန် ပြုလုပ်ကြသည်။ ဖမ်းဆီးရရှိလာသော ငါးအသေးလေးများနှင့် ပုစွန်ဆိတ်ကလေးများကို ငါးပိပြုလုပ်ရာတွင် အသုံးပြုပါသည်။ ငါးပိသည် မြန်မာလူမျိုးတို့၏ မရှိမဖြစ်အစားအစာတစ်မျိုး ဖြစ်ပါသည်။ ရွာတွင် ရေခဲရိုက်စက်ရုံများလည်းရှိ၍ ဖမ်းဆီးရရှိသောပင်လယ်စာများကို ရေခဲရိုက်ပြီး အခြားမြို့နယ်များနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြသည်။ ရွာကိုတောင်များဖြင့်ဝန်းရံထားပြီး တောင်ယာစိုက်ပျိုးသူ အနည်းငယ်လည်း ရှိပါသည်။ CBT ကိုဖော်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင်ရွာသူ၊ရွာသားများသည် ခရီးသွားများအတွက် အစားအစာများပြင်ဆင်ချက်ပြုတ်ပေးခြင်း၊ အငှားယာဥ်ဝန်ဆောင်မှုများဖြစ်သော အပျော်စီးလှေငှားရမ်းခြင်းနှင့် စက်ဘီးများငှားရမ်းခြင်း၊ ဒေသသမိုင်းကြောင်းနှင့် ရွာအကြောင်းများကို ခရီးသွားများအားပြောပြခြင်း စသဖြင့် ခရီးသွားနှင့်သက်ဆိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြပါသည်။

စမ်းလှမ်းရွာသားတို့၏နေ့စဉ်ဘဝ(ဓာတ်ပုံ - ဦးသိန်းစိုး)

စမ်းလှမ်းကျေးရွာတွင်ဘာတွေလည်ပတ်ကြည့်ရှုနိုင်သလဲ?

စမ်းလှမ်းကျေးရွာသည် လောင်းလုံးမြို့လမ်းခွဲမှတဆင့် တောင်ပတ်လမ်းအတိုင်း သွားရသည်။ တောင်ပတ်လမ်းခုလတ်တွင် ရင်သပ်ရှုမောဖွယ်ကောင်းသော ပင်လယ် ပြင်ရှုခင်းကို တွေ့မြင်ခံစားရမည်ဖြစ်သည်။ ကျေးရွာအတွင်း လည်ပတ်နိုင်သည့် နေရာတို့မှာ ငါးဖမ်းလုပ်ငန်း၊ မြင့်မိုရ်လက်ခတ်တောင်သို့တက်ရောက်လည်ပတ်ခြင်း၊ CBT အဆောက်အအုံများတွင် အပန်းဖြေအနားယူခြင်းနှင့် ကျွန်းခရီးများကို လည်ပတ် သွားရောက်ခြင်းတို့ဖြစ်ပါသည်။

ငါးဖမ်းခြင်းနှင့်ငါးခြောက်လုပ်ငန်း

စမ်းလှမ်းတံငါရွာဆိုသည်အတိုင်း ငါးဖမ်းခြင်းနှင့်ဆက်စပ်သောအလုပ်အကိုင်များကို ကျေးရွာနေရာအနှံ့တွေ့မြင်ရမည်ဖြစ်သည်။ ဒေသခံလူတို့ရဲ့ ငါးဖမ်းပိုက်ကွန်မှ ငါးများဖြုတ်ယူခြင်း၊ ငါးဖမ်းပိုက်ကွန်များပြန်လည်ပြင်ဆင်ခြင်း၊ ရေခဲရိုက်စက်ရုံသို့ ပို့ဆောင်ခြင်းနှင့် တချို့ကို ငါးခြောက်ပြုလုပ်ခြင်း စသဖြင့် သူတို့၏နေ့စဥ်ဘဝကို ကြည့်ရှုလေ့လာနိုင်ပါသည်။ ငါးခြောက်ပြုလုပ်ရာတွင် ရရှိလာသောငါးများကို ဆားဖြင့် နယ်သိပ်ပြီး ပိုက်ကွန်စင်များပေါ်တွင် နေပူအခြောက်ခံပါသည်။ ငါးခြောက်များကို နေပူအခြောက်ခံခြင်းမှာ ၃ရက် မှ ၇ရက်အထိကြာမြင့်တတ်ပြီး ခြင်၊ယင်မနားအောင် ဂရုစိုက်လုပ်ဆောင်နေရသည်ကို တွေ့မြင်ရပါမည်။ ငါးဖမ်းခြင်းကို လက်တွေ့လေ့လာချင်သူများအနေဖြင့် ငါး‌ဖမ်းလှေများပေါ်တွင် လိုက်ပါလေ့လာနိုင်ပါသည်။ ဒေသခံ တို့က ငါးနီတူခြောက်လုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပါသည်။ ကျေးရွာသို့ သွားရောက်လည်ပတ်သည်အခါ သန့်ရှင်းလတ်ဆတ်ပြီး ဈေးသက်သာသော ငါးနီတူခြောက်များလည်း ဝယ်ယူအားပေးနိုင်ပါသည်။

ငါးခြောက်ပြုလုပ်ထားခြင်း(ဓာတ်ပုံ -  Sam The Man)

မြင့်မိုရ်လက်ခတ်တောင်သို့ခြေလျင်တက်ရောက်ခြင်း

မြင့်မိုရ်လက်ခတ်တောင်သည် အမြင့်ပေ ၁၉၂၃ပေရှိပြီး ထားဝယ်ခရိုင်ရှိ အမြင့်ဆုံး တောင်များတွင်ပါဝင်သည်။ ခြေလျင်တောင်တက်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းသော အားကစားနည်းတစ်မျိုးသာဖြစ်သည်။ မြင့်မိုရ်လက်ခတ်တော‌င်ပေါ်သို့ ကား၊ ဆိုင်ကယ်များဖြင့်လည်း တက်ရောက်နိုင်ပါသည်။ တောင်လမ်းသည် မတ်စောက် သောကြောင့် တောင်တက်သောအခါ သက်တောင့်သက်သာရှိသော အဝတ်အစားများနှင့် ဖိနပ်များ ဝတ်ဆင်သင့်ပါသည်။ တောင်ထိပ်သို့ရောက်သည် အထိနှစ်နာရီကြာ တက်ရောက်ရသဖြင့် ‌သောက်သုံးရေနှင့် စားစရာတချို့ သယ်ဆောင်လာရန် လိုအပ်ပါသည်။ ရွာသားများသည် ဗုဒ္ဓဘာသာများဖြစ်ကြသည့် အလျောက် တောင်ပေါ်တွင် စေတီပုထိုးများ တည်ထားကိုးကွယ်သည်ကို တွေ့မြင်ရပါမည်။ တောင်ထိပ်သို့ရောက်သောအခါ မောပန်းမှုတွေကို ပြေပျောက်စေနိုင်‌သော ပင်လယ်ကမ်းရိုးတန်းသဘာဝရှုခင်းနှင့် ကျေးရွာတစ်ခုလုံး၏ မြင်ကွင်းနှင့်ရွာသူရွာသားများ၏ နေ့စဉ်ဘဝများကို မြင်‌တွေ့ခံစားရ ပါမည်။ တောင်တက်ရန်အတွက် အကောင်းဆုံးအချိန်မှာ ဆောင်းရာသီဖြစ်ပါသည်။ ထားဝယ်မြို့ခံများသည် ချမ်းအေးသောဆောင်းမနက်ခင်းတွင် တောင်တက်ပြီး သဘာဝ အလှတရားရသည်ကို ကြည့်ရှုလေ့ရှိကြပါသည်။ အချို့သူများသည် တောင်ပေါ်မှ နေထွက်သည့်အချိန်‌ လှပသောရှုခင်းများကို ကြည့်ရှုနိုင်ရန်အတွက် ယာယီတဲများဖြင့် တောင်ပေါ်တွင် လာရောက်အိပ်သူများ လည်းရှိပါသည်။

ပင်လယ်ပြာကို မြင့်မိုရ်လက်ခတ်တောင်မှမြင်တွေ့ရပုံ(ဓာတ်ပုံ - ဦးသိန်းစိုး)

CBTအဆောက်အအုံးပေါ်တွင်အနားယူခြင်း

စမ်းလှမ်းရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ပြီးနောက် ကျေးရွာအတွက် တိုးတက်ကောင်းမွန်လာမှုတို့ကိုမြင်‌တွေ့ရပါသည်။ အထူးသဖြင့် ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ဆေးပေးခန်းများ ဖွင့်လှစ်လာနိုင်ခြင်း၊ အမှိုက်သရိုက်စွန့်ပစ်ခြင်းများ ပိုမိုကောင်းမွန်လာခြင်း ခရီးသွားနှင့် ဆက်စပ်သော အလုပ်အကိုင်များဖန်တီးေပးနိုင်ခြင်း နှင့် ကျွန်းခရီးစဉ်အတွက် ဘောတံတား (floating jetty) ဆောက်လုပ်လာနိုင်ခြင်းတို့ မြင်‌တွေ့နိုင်ပါသသည်။  စမ်းလှမ်းရွာ၏အဆုံးတွင် CBTအဆောက်အုံသုံးခု နှင့် စားသောက်ဆိုင်တစ်ဆိုင်တည်ဆောက်ထားပါသည်။ သွားရောက်လည်ပတ်သူများသည် ထိုအဆောက်အအုံများပေါ်တွင် အနားယူပြီး ထားဝယ်ရိုးရာအစားအစားများဖြစ်သော မုန့်လက်သုပ်၊ သာကွေ့ယိုင် နှင့် လတ်ဆတ် သောပင်လယ်စာများကို သုံးဆောင်နိုင်ပါသည်။ တစ်ညတာတည်းခိုစရိတ်မှာ မြန်မာနိုင်ငံသားတစ်ဥိီးလျှင် မြန်မာငွေကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ထိ ကျသင့်နိုင်ပြီး နိုင်ငံခြားသား တဦးလျှင် ဒေါ်လာ ၂၀ မှ ၃၀ထိ အမျိုးမျိုးသတ်မှတ်ထားပါသည်။ ထိုအဆောက်အအုံများတွင် တည်းခိုအနားယူခြင်းဖြင့် တံငါသည်များ၏နေ့စဉ်ဘဝကို ကြည့်ရှုနိုင်ပြီး  ပင်လယ်ကမ်းရိုးတန်းမှ နေဝင်၊နေထွက် ရှုခင်းများကို ရှုစားနိုင်မှာဖြစ်သည်။  ထို့နောက် ရွာအတွင်းစက်ဘီးပတ်စီးခြင်း၊ လှပပြီးလူသိနည်းသော ရွှေအိုရောင်သဲ ကမ်းခြေများနှင့် ကျွန်းများသို့‌လှေများဖြင့် လည်ပတ်သွားနိုင်ပါသည်။ ထားဝယ်မြို့ရှိ လူသိများသော ဘုတ်ကျွန်းခရီးစဉ်နှင့် အခြားလှပသောကျွန်းခရီးစဉ်တို့သည် စမ်းလှမ်းမှစ၍ ထွက်ခွာရပါသည်။

 CBT အဆောက်အအုံမှတောင်ကိုမြင်တွေ့ရပုံ (ဓာတ်ပုံ - အောင်ဇော်ဖြိုး)
CBT အဆောက်အအုံများ(ဓာတ်ပုံ - သူသူ)

 

စမ်းလှမ်းရွာသို့ဘယ်လိုသွားမလဲ။

ရန်ကုန်မှလာမည်ဆိုလျှင် ထားဝယ်သို့အရင်သွားရပြီး ကား၊ ရထား နှင့် လေယာဉ် တို့ဖြင့်လာရောက်နိုင်သည်။ အောင်မင်္ဂလာအဝေးပြေးမှ အထူးကား၊ ရိုးရိုးကားများ ကိုရွေးချယ်စီးနိုင်ပြီး ကြာချိန်မှာ ၁၂နာရီအထိ ကြာမြင့်နိုင်ပါသည်။ လေယာဉ်ဖြင့်လာ မည်ဆိုလျှင် ရန်ကုန်လေဆိပ်မှ ၁နာရီခန့်ကြာအောင်စီးရမည်ဖြစ်ပြီး ကုန်ကျစရိတ်ပို များမည်ဖြစ်သည်။ ရထားဖြင့်လာမည်ဆိုလျှင် ၁ရက်ခန့်စီးရပြီး လမ်းခရီးစရိတ်ပို သက်သာစေနိုင်ပါသသည်။  .

နိုင်ငံခြားခရီးသွားတစ်ယောက်ဆိုလျှင် ထားဝယ်-ကန်ချနဘူရီ နယ်စပ် (ထီးခီးဂိတ်) မှ ဝင်ရောက်နိုင်ပြီး ရန်ကုန် နိုင်ငံတကာလေဆိပ်မှလည်း ဝင်ရောက်နိုင်ပါသည်။ ထားဝယ်သို့ရောက်လျှင် စမ်းလှမ်းရွာသို့ ကား၊ ဆိုင်ကယ်၊ သုံးဘီး နှင့် မြို့အတွင်းရှိ အငှားယာဉ်ဝန်ဆောင်မှုတို့ဖြင့် အလွယ်တကူ သွားရောက်နိုင်ပါသည်။ ထားဝယ်မှ စမ်းလှမ်းရွာသို့ ၁နာရီခန့်အကြာ သွားရောက်ရပါမည်။ 

အချုပ်အားဖြင့်ဆိုရသော် ထားဝယ်မြို့သည် တိမ်မြုပ်နေသော သဘာဝအလှ တရားများရှိ‌သောကမ်းခြေများ၊ ကျွန်းများဖြင့် ပြည့်နှက်နေပါသည်။ စမ်းလှမ်းရွာသို့သွားရောက်လည်ပတ်သည့်အခါ တံငါသည်များ၏နေ့စဉ်ဘဝကို တိုက်ရိုက်တွေ့မြင်လေ့လာနိုင်ခြင်း၊ ခြေလျင်တောင်တက်ခြင်း၊ ဒေသခံများ၏ အကျိုးဖြစ်ထွန်းနိုင်ရန် ရည်ရွယ်၍ဆောက်လုပ်ထားသော CBT အဆောက်အအုံများတွင် အပန်းဖြေအနားယူခြင်း နှင့် ကျွန်းပတ်ခရီးစဉ်များကို နေ့ချင်းပြန်သွားရောက်လည်ပတ်နိုင်ခြင်း တို့ကို တစ်နေရာထဲတွင် လည်ပတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အကယ်၍ သင်သည် တောတောင်ရေမြေသဘာ၀ရှုခင်းများနှင့် ဒေသခံတို့၏ နေ့စဥ်ဘ၀ကို ကြည့်ရှုခံစားရသည်ကို သဘောကျသူတစ်ယောက်ဖြစ်လျှင် စမ်းလှမ်းရွာသည် သွားရောက်လည်ပတ်သင့်သော ရွာတစ်ရွာပင် ဖြစ်သည်။ ထိုကြောင့် ထားဝယ်သို့ရောက်ရှိသောအခါ သဘာဝအလှတရားများ နှင့် ပြည့်နှက်နေသော စမ်းလှမ်းတံငါရွာသို့ တစ်ခေါက်လောက်သွားရောက်လည်ပတ်ရန် အကြံပြုအပ်ပါသည်။ 

Posted
Jul 19, 2022