ထားဝယ်ဒေသ၏အထင်ကရပွဲတော်များ

ထားဝယ်မြို့သည် တောတောင်ရေမြေ၊ သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ စေတီပုထိုးများ နှင့် တန်ခိုးကြီးဘုရားများဖြင့်ပြည့်နက်နေသောဒေသဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်လည်းဖြစ်ပါသည်။ ထားဝယ်တွင် ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြပြီး အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူအနည်းငယ်လည်းရှိသည်။ ထားဝယ်မြို့တွင် ဆယ့်နှစ်လရာသီပွဲတော်များကို နှစ်စဉ်ကျင်းပပါသည်။ ထိုပွဲတော်များအနက် ထင်ရှားပြီးစည်ကားသောပွဲတော်များမှာ သင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်၊ ဝါဆိုကန်တော့ပွဲ၊ သီတင်းကျွတ်သပိတ်မျှောပွဲတော်နှင့် ထားဝယ်တန်ဆောင်တိုင် (နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီလှည့်လည်ပွဲ) တို့ဖြစ်ပါသည်။ ထိုပွဲတော်များအနက် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲတော်သည် ထားဝယ်မြို့၏ ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခုဖြစ်ပါသည်။ 

Photo Credit: Pike Pike Zaw
နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ရန် ဖဲကြိုးဖြတ်ဖွင့်လှစ်နေပုံ (ဓာတ်ပုံ- Pike Pike Zaw)

နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲတော်ကိုဘယ်အချိန်မှာကျင်းပသလဲ။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရား၏ ရုပ်ပွားတော်များ ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် ၂၈ ဆူဘုရားဒေသစာရီလှည့်လည်ပူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်မှာ  (၁၀၀)ကြိမ်မြောက်ပြည့်ပြီးဖြစ်ပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲကို နှစ်စဉ်တန်ဆောင်မုန်းလ (နိုဝင်ဘာလ)တွင် ကျင်းပပါသည်။ ဗုဒ္ဓဆင်း‌တု‌တော်များကို တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်ညတွင် အကအလှပဒေသာများဖြင့် ထားဝယ်မြို့အတွင်းသို့ လှည့်လည်ပူဇော်ခံပါသည်။

Photo Credit: Studio LAH
ထားဝယ်မြို့အတွင်၂၈ဆူဘုရားလှည့်လည်နေစဉ် ဓာတ်ပုံ- ချန်ဟိန်း (Studio LAH)

နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲတော်ကို ဘယ်လိုကျင်းပကြသလဲ။

နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲတော်ကိုကျင်းပရန်အတွက်  တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့တွင် မြို့ပေါ်ရှိရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသည် မိမိရပ်ကွက်မှဘုရားတစ်ဆူစီကို ကြိုတင် ပင့်ဆောင်ယူကြပြီး သက်ဆိုင်ရာရပ်ကွက်များတွင် ကိန်းဝပ်စံပယ်တော်မူရန်အတွက် ယာယီမဏ္ဍာပ်များ ဆောက်လုပ်ကာ ပူဇော်ခံလေ့ရှိကြပါသည်။ မိမိတို့ရပ်ကွက်အတွင်းမှ အချို့အိမ်များမှလည်း ပင့်ဖိတ်၍ အလှည့်ကျပူဇော်ခံကြပြီး တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် ရပ်ကွက်အလိုက် ရုပ်ပွားတော်များကို အတီး၊ အမှုတ်၊ အကအလှများဖြင့်ပင့်ဆောင်ကာ လောကမာရဇိန်ဘုရားကြီးဝင်း အတွင်းသို့ ပြန်လည်ပို့ဆောင်ကြပါသည်။ 

ထားဝယ်မြို့အတွင်းဒေသစာရီဘုရားလှည့်လည်နေပုံ ဓာတ်ပုံ- ချန်ဟိန်း (Studio LAH)

၂၈ ဆူသောဗုဒ္ဓရုပ်ပွားတော်များကို တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ရွှေတောင်စားစေတီတော်ရင်ပြင် (လောကမာရဇိန်ဘုရားဝင်းကြီး) အတွင်းတွင် ယာယီစံကျောင်းဆောင် များဖြင့်ထားရှိကာ ပူဇော်ကန်တော့ခံကြပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲတော်ကို ညနေ (၆) နာရီခွဲအချိန်မှစ၍ တစ်ညလုံး ထားဝယ်မြို့ပတ်ပြီး လှည့်လည်ပူဇော်ခံကြပါသည်။ ဘုရားလှည့်လည် မည့်နေ့ဖြစ်သော တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင်  နေ့လည် (၂:၀၀) နာရီခန့်မှစတင်၍ လောကမာရဇိန်ဘုရားဝင်းကြီးအတွင်းတွင် ဗုဒ္ဓရုပ်ပွားတော် ၂၈ ဆူကို အမှတ်စဉ်အလိုက်ရုပ်ပွားတော်များအား တန်းစီကြပါသည်။ ညနေ ၆:၀၀ နာရီတွင် လောကမာရဇိန် ဘုရားသိမ်အတွင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဒေသစာရီလှည့်လည်ပွဲအား လိုက်ပါပို့ဆောင်မည့်သူများသည် ငါးပါးသီလခံယူကြပါသည်။ ထို့နောက် ၆:၃၀ နာရီတွင် ဖဲကြိုးဖြတ်စတင်ဖွင့်လှစ်ပြီး မြို့အတွင်းသို့လှည့်လည်ပူဇော်ခံရန်အတွက် လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်း ပူဇော်ခံထားရှိသော နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များအား သက်ဆိုင်ရာရပ်ကွက်မှ အပူဇော်ခံအဖွဲ့ များဝန်းရံလျက် သတ်မှတ်ထားသောလမ်းကြောင်းများအတိုင်း ရွှေတောင်စားလမ်းမှ အုန်းတောလမ်းဆုံ၊ ဆေးရုံလမ်းအတိုင်း၊ ၎င်းမှ အာဇာနည်လမ်းမတစ်လျှောက်သို့ကြွချီ ပူဇော်ခံပြီးနောက် မြို့အတွင်းရှိသတ်မှတ် လမ်းကြောင်းများအတိုင်း ဆက်လက်အပူဇော်ခံလှည့်လည်ကြပါသည်။ 

သရုပ်ဖော်ရုပ်လုံးရုပ်ကြွများဖြင့် ပါဝင်လှည့်လည်နေပုံ ဓာတ်ပုံ- ချန်ဟိန်း (Studio LAH)

ဘုရားလှည့်ပွဲတော်ကို ထားဝယ်သူ/သားများ ဘယ်လိုပါဝင်ဆင်နွှဲကြသလဲ။

နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့အတွင်းသို့လှည့်လည်ပူဇော်ခံရာတွင် ဘုရားလှည့်လည်ရာတွင်ပါဝင်သည့် ရပ်ကွက်အချို့နှင့် ကျေးရွာမျာသည် ၎င်းတို့၏အမည်များကို ထားဝယ်ဒေသိယစကားဖြင့် ရေးသားဖော်ပြမှုရှိကြပြီး သရုပ်ဖော်ရုပ်လုံးရုပ်ကြွများ၊ အတီး၊ အမှုတ်၊ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့သောကြောင့် ဘုရားဖူးလာရောက်သူများစိတ်ဝင်စားမှုရှိခဲ့ကြသည်။ ဘုရားလှည့်လည်ရာ လမ်းတစ်လျှောက်တွင် စတုဒီသာကျွေးမွေးလှူဒါန်းကြသည်မှာ တစ်မြို့လုံးနေရာအနှံ့အပြား ပင်ဖြစ်သောကြောင့် စတုဒီသာကျွေးမွေးကြသူများ၊ ဘုရားဖူးသူများဖြင့်စည်ကားနေပါသည်။ အနယ်နယ် အရပ်ရပ်မှဘုရားဖူးလာရောက်သူများပြားသောကြောင့် မြို့အတွင်းရှိ လမ်းပိုင်းအချို့မှာ လမ်းပိတ်ဆို့မှုများရှိခဲ့ ပါသည်။  ထို့အပြင်ဘုရားလှည့်လည်ရာလမ်းကြောင်း တစ်လျှောက်၌ ကုသိုလ်ယူအမှိုက်ကောက်သည့်အဖွဲ့များ ဖြင့် အမှိုက်ကောက်ကုသိုလ်ယူကြပြီး ပူဇော်ခံလှည့်လည်ရာတွင် ပါဝင်ပို့ဆောင်ကြသူများမှ နေမကောင်း ဖြစ်လျှင် အချိန်မီကူညီကုသပေးနိုင်ရန်အတွက် ထားဝယ်ကြက်ခြေနီအသင်းအဖွဲ့များလည်း အဆင်သင့်ဝန်းရံ လျက်လိုက်ပါဆောင်ရွက်ကြပါသည်။  ဇမ္ဗူသီရိအခမဲ့အရေးပေါ်လူနာတင်ယာဉ်အသင်းနှင့် ထားဝယ်ခရိုင် အတွင်းရှိ အရေးပေါ်လူနာတင်ယာဉ်အသင်းအဖွဲ့များကလည်း မြို့အတွင်းရှိလူစည်ကားနေရာများနှင့် မြို့ဝင်/မြို့ထွက်လမ်းပိုင်းများတွင် ဘုရားပွဲသို့လာရောက်သူများ နေမကောင်းလျှင်ဖြစ်စေ၊ ယာဉ်မတော်တဆမှု များဖြစ်ပွားပါက အချိန်မီကုသပေးနိုင်ရန် အရေးပေါ်လူနာတင်ယာဉ်များဖြင့် အဆင်သင့်နေရာချထားပြီး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ 

စည်ကားသော ထားဝယ်တန်ဆောင်တိုင်ပွဲတော် ဓာတ်ပုံ- ချန်ဟိန်း (Studio LAH)

ထားဝယ်သူ/သားတွေ မအိပ်တဲ့တန်ဆောင်တိုင်ည

တန်ဆောင်တိုင်ညသည် ထားဝယ်သူ/သားများ မအိပ်သောညတစ်ညပင်ဖြစ်ပါသည်။ ဘုရားအပူဇော်ခံ လှည့်လည်ရာတွင်လိုက်ပါကြသူများ၊ စတုဒီသာကျွေးမွေးကြသူများ၊ ဆွမ်းကပ်ကြသူများ၊ ငွေပဒေသာပင်များ လှူဒါန်းကြသူများ၊ ဘုရားဖူးသူများဖြင့် ထားဝယ်တစ်မြို့လုံး မီးရောင်စုံထိန်ထိန်ဝင်းလျက် ပျော်ရွှင်ကြည်နူးမဆုံး သောညတစ်ညလည်းဖြစ်ပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများမှာ ထားဝယ်မြို့ပေါ်တွင် ညလုံးပေါက်လှည့်လည်ပူ ဇော်ခံပြီးနောက် တန်ဆောင်မုန်းလပြည့်နေ့၊ နံနက်အာရုံတက်ချိန်တွင် ရွှေတောင်စားစေတီတော်ရင်ပြင်သို့ ပြန်လည်ကြွချီဝင်ရောက်ကြပါသည်။ တန်ဆောင်မုန်းလပြည့်နေ့ နေ့လည်ပိုင်းတွင် လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်း စတုဒီသာများကျွေးမွေးပြီး ကုသိုလ်ကောင်းမှုများပြုကြပါသည်။ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော် များကို တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့အထိ ယာယီစံကျောင်းများတွင်ဆက်လက်ထားရှိအပူဇော်ခံကာ တန်ဆောင်တိုင်ပွဲတော်ကိုဆက်လက်ကျင်းပကြပါသည်။ 

တူညီဝတ်စုံများဖြင့်ထားဝယ်မြို့အတွင်းဘုရားလှည့်လည်နေစဉ် ဓာတ်ပုံ- ချန်ဟိန်း (Studio LAH)

ထားဝယ်သူ/သားများလွမ်းဆွတ်တမ်းတနေသော ထားဝယ်တန်ဆောင်တိုင်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အစည်ကားဆုံးအထင်ကရ ပွဲတော်တစ်ခုဖြစ်သည့်  တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲတော် ကို COVID မတိုင်ခင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် (၁၁၀) ကြိမ်မြောက် စည်ကားသိုက်မြိုက်စွာ နောက်ဆုံးကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ယခုဆိုလျှင် အခြေအနေအရ ပွဲတော်မလုပ်ဖြစ်သည်မှာ (၃) နှစ်ရှိပြီဖြစ်ပါသည်။ နှစ်စဉ်မပြတ် ကျင်းပနေသော ထားဝယ်ဒေသ၏အထင်ကရပွဲတော်များကို မဆင်နွှဲရသောကြောင့် ထားဝယ်သူ/သားများသည် ပွဲတော်ကာလရောက်လာတိုင်းလွမ်းဆွတ်တမ်းတလျက်ရှိကြပါသည်။ ကိုဗစ်ကင်းစင်၍အေးချမ်းသည့်အချိန်တွင် ထားဝယ်ဒေသရှိရိုးရာပွဲတော်များကို စည်ကားသိုက်မြိုက်စွာကျင်းပမြဲကျင်းပကြမည်ဖြစ်သောကြောင့် နောက်လာမည့် တန်ဆောင်တိုင်အချိန် (နိုဝင်ဘာလ) တွင်  လာရောက်ပါဝင်ဆင်နွှဲနိုင်ပါသည်။

အကအလှများဖြင့် လှည့်လည်ဖျော်ဖြေနေပုံ ဓာတ်ပုံ- ချန်ဟိန်း (Studio LAH)

အချုပ်အားဖြင့်ဆိုရသော် ထားဝယ်ဒေသသည် တောင်များပတ်လည်ဝိုင်းရံလျက်ရှိပြီး စိမ်းစိုလှပသော တောတောင်ရေမြေ၊ သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့များနှင့်ပြည့်နှက်နေသော ဒေသတစ်ခု ဖြစ်ပါသည်။ ထို့အပြင် ဘာသာရေးပွဲတော်များနှင့် အလှူအတန်းများလည်းပေါများလှပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်တွင်လာရောက်ဖူးမြှော်လေ့လာခြင်းဖြင့်လည်း ထားဝယ်လူမျိုးများမှာ အလှူအတန်းရက်ရော ကြသူများဖြစ်ကြောင်းကိုပါ တွေ့မြင်သိရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ အထင်ကရပွဲတော်များကို စည်ကားသိုက်မြိုက်စွာကျင်းပသော ထားဝယ်မြို့သို့ အလည်တစ်ခေါက်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။ 

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ဖြင့်စည်ကားနေသောထားဝယ်တန်ဆောင်တိုင်ညဓာတ်ပုံ- Pike Pike Zaw

ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်နေသော video များကို အောက်ပါ link များတွင် ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။ 

Posted
Nov 7, 2022