၅ ရက်တစ်ဈေး (ဈေးနေ့)

၅ ရက်တစ်ဈေးဆိုတာနဲ့ အရောင်စုံဈေးသည်တွေ၊ အစားအသောက်နဲ့၊ အသီးအနှံတွေရဲ့ အနံ့တွေ အပါအဝင် ပုံစံပေါင်းစုံနဲ့ဈေးရောင်းနေတဲ့ ဈေးသည်တွေရဲ့ အသံတွေ၊  ဈေးဆစ်နေတဲ့ ဝယ်သူတွေရဲ့ အသံတွေနဲ့အတူ  တွေးစရာတွေပေါ်လာတော့တာဘဲ။ ဈေးဆိုတာ လိုချင်တာတွေဘဲ ဝယ်ယူနိုင်တဲ့ နေရာတစ်ခုလား။ ကျွန်မအတွက်တော့ လိုချင်တာပဲဝယ်နိုင်တဲ့ နေရာတစ်ခုသက်သက် မဟုတ်ခဲ့ပါ။ ဈေးဆိုတဲ့နေရာက တကယ်လေ့လာကြည့်ရင် လိုအပ်တာတွေ ဝယ်နိုင်ရုံသာမက ဒေသတစ်ခုရဲ့ အငွေ့အသက်တွေဖြစ်တဲ့ဒေသခံတွေရဲ့ဘဝရပ်တည်မှု၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း၊ ဓလေထုံးတမ်း၊ ဒေသထွက်ပစ္စည်းနဲ့ အစားအသောက်သာမက သူတို့ရဲ့ဘဝရပ်တည်မှုကို ပါထင်ဟပ်ပြသနေတဲ့ နေရာတစ်ခုပါ။ ဒါဆို ၅ ရက်တစ်ဈေးဆိုတာကကော ဘယ်လိုဈေးကို ဆိုလိုတာလဲ။ 


 

ရိုးရာ(ခမောက်)များဆောင်းထား၊ ထားသော ဒေသခံဟင်းသီးဟင်းရွက်ဈေးသည်များ



တောင်ကြီးမြို့ရဲ့ ၅ရက်တစ်ဈေးဆိုတာ ဘာလဲ။

တကယ်တော့ ၅ ရက်တစ်ဈေးဆိုတာက ၅ ရက်တစ်ကြိမ် အလှည့်ကျဖွင့်တဲ့ ဈေးနေ့အဖြစ်သတ်မှတ်တဲ့ နေ့မှာ ဖွင့်တဲ့ ဈေးနေ့တစ်ရက်ပါ။ ၅ ရက်တစ်ဈေးဆိုပေမဲ့ လပြည့်နဲ့ လကွယ်နေ့တွေမှာတော့ ကျင်းပလေ့မရှိကြပါ။ အခြေခံလူတန်းစားတွေကအစ အနားယူတဲ့ရက်ဖြစ်တာမို့ ထိုနေ့တွေမှာ ပိတ်ရတဲ့အတွက်ကြောင့် တစ်လမှာ ၂ ကြိမ်တော့ ဈေးပိတ်တဲ့အခါ ဈေးနေ့လဲလိုက်ပြောင်းပါတယ်။ ထို လပြည့်လကွယ် ၂ ရက်နဲ့ ဥပုဒ်ရက်တွေက ရှေးကတည်းက မြန်မာတွေအတွက် မြင့်မြတ်တဲ့ရက်လို့ သတ်မှတ်ပီး ဘာသာရေးနဲ့ ဆက်နွယ်တာမို့  မကောင်းတဲ့အမူအကျင့်တွေကို တားမြစ်ပြီး ဘုရားသွား ကျောင်းတက်ကုသိုလ်ယူ၊ ဥပုဒ်စောင့်တာကို တခြားရက်တွေထက် ဒီလိုနေ့ရက်တွေမှာ ပိုအလေးထားပီး လုပ်ကြပါတယ်။ ရှေးရှေ့းတုန်းကလူကြီးတွေဆိုရင် ဒီလိုနေ့ရက်တွေမှာ သက်သက်လွတ်စားပီး ဘယ်သားသတ်သမားမှ အသားရောင်းခွင့်မရှိအောင် သတ်မှတ်ခဲ့တဲ့ သမိုင်းတွေ လည်းရှိခဲ့တယ်။ထိုဓလေ့ကလည်း အချိန်နဲ့အမျှ၊ ခေတ်နဲ့အညီ ပြောင်းလဲလာပြီး  အများစုက အလုပ်တွေနားပီး အနားယူတဲ့နေ့အဖြစ် ဖြစ်လာခဲ့ပါတယ်။ လပြည့်နေ့တိုင်း၊ လကွယ်နေ့က်တိုင်း ပိတ်တယ်ဆိုတာလဲ အခြေခံလူတန်းစားတွေနဲ့ စီးပွားရေးသမားများအတွက်သာ ဖြစ်တယ်။ စနေ၊ တနင်္ဂနွေတိုင်းနဲ့ တရားဝင်ရုံးပိတ်ရက်တိုင်း အနားယူခွင့်ရတဲ့ အစိုးရဝန်ထမ်းများမပါပါ။

တောင်ကြီး ဈေး၅ ရက်တစ်ဈေးကို တောင်ကြီးမြို့ပေါ်မှာတင်မကဘဲ အခြားမြို့များမှာလဲ ကျင်းပလေ့ ရှိကြပါ သေးတယ်။ မြို့အလိုက် သူ့ရက်နဲ့သူ အလှည့်ကျ ကျင်းပရတဲ့‌‌ဈေးနေ့ဖြစ်တာကြောင့် တောင်ကြီးမြို့နဲ့ တစ်ရက်တည်းကျင်းပတဲ့ မြို့ရှိသလို ရက်မတူဘဲ အလှည့်ကျ ကျင်းပရတဲ့ မြို့တွေလည်းရှိတာကြောင့် တကယ်လို့ သင့်အနေနဲ့ ရှမ်းပြည်ကိုအလည်လာတဲ့အချိန် တောင်ကြီးဈေးနေ့ကို လွတ်သွားရင်လည်း နောက်နေ့အိမ်နီးချင်းမြို့တွေမှာ ပြုလုပ်မယ့် ဈေးနေ့တွေကို စုံစမ်းပြီး သွားရောက်လည်ပါတ် နိုင်ပါသေးတယ်။ ဈေးနေ့ပြုလုပ်ကျင်းပလေ့ရှိတဲ့ တခြားဒေသတွေကတော့ ဟိုပုံး၊ သံတောင်၊ တောင်တို၊ နားဘောင်၊ အောင်ပန်း၊ ရွာမ၊ ပွေးလှ၊ မိုင်းသောက်၊ ဖောင်တော်ဦး၊ အင်းတိန်၊ မှော်ဘီ၊ ဖယ်ခုံ၊ ညောင်ရွှေ၊ ပင်းတယ၊ နမ့်ပန်၊ ထမ်ဆီး၊ စကားနဲ့ အစရှိသော ဒေသတွေမှာလည်း သွားရောက်လေ့လာ နိုင်ပါတယ်။ နေရာဒေသအလိုက် ခင်းကျင်းပုံတွေ၊ ဈေးသည်တွေ၊ ရောင်းကုန်ပစ္စည်းတွေ အနည်းငယ် ကွဲလွဲနိုင်ပေမဲ့ ထိုဒေသမှာရှိတဲ့ တိုင်းရင်းသားများ၊ ဈေးသည်များက တစ်နေရာတည်းမှာ လာရောက် စုဝေးကြပြီး အရောင်းအဝယ်ပြုလုပ်တာကြောင့် ဈေးနေ့တိုင်းတွင် မတူညီတဲ့ အကြောင်းအရာများ၊ ဇာတ်လမ်းများ ရှိလာပါလိမ့်မည်။

ဈေးချင်းတူတူ ဘာလို့ ၅ ရက်တစ်ဈေးလုပ်တဲ့ ဈေးနေ့က ထူးခြားနေတာလဲ။

တကယ်တော့ ဈေးနေ့ကို ထူးခြားစေတဲ့အကြောင်းအရာတွေထဲကတချို့ကတော့ ထိုဒေသနဲ့ အနီးပတ်ဝန်းကျင် ဒေသတွေရဲ့ ဒေသထွက်ကုန်၊ အစားအသောက်တွေကို တစ်နေရာတည်းမှာ ရနိုင်တဲ့နေရာ၊ ဒီဒေသတွေမှာနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေကို တွေ့နိုင်ပြီး သူတို့ရဲ့ ရိုးရာအစားအစာတွေကိုလည်း တစ်နေရာတည်းမှာ မြည်းစမ်းနိုင်တဲ့နေရာ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စားဆင်ယင်ပုံတွေ၊ ဘာသာစကားတွေကို ကြားနိုင်တဲ့နေရာ၊ အလွှာမတူသော ဒေသခံတွေရဲ့ အမျိုးစုံလှတဲ့ လူနေမှုပုံစံတွေကို လေ့လာသုံးသပ်နိုင်သောနေရာ၊ ဒေသထွက်ကုန်တွေနဲ့ အနီးပတ်ဝန်းကျင်မြို့တွေရဲ့ ထွက်ကုန်တွေကိုပါ ဈေးမှန်မှန်၊ ဈေးတန်တန်နဲ့ရနိုင်တဲ့ဈေးနေ့ဖြစ်လို့ အိမ်ရှင်မများနဲ့ ခရီးသွားများအတွက် ဈေးဝယ်ထွက်ဖို့အကောင်းဆုံးနေရာတခုဖြစ်နေတာကြောင့်ပါ။။ တစ်ချိန်တည်းမှာဘဲ ၎င်းဈေးနေ့ကို အားလုံးရနိုင်တဲ့နေရာလို့လည်း တင်စားကြပါသေးတယ်။ ဒါ့အပြင် အမျိုးစုံတဲ့ ဈေးသည်တွေရဲ့အရောင်စုံလှတဲ့ ရောင်းကုန်တွေနဲ့ ဈေးမလာခင်လေးမှ ပြင်ဆင်၊ ခူးဆွတ်ထားတဲ့ လတ်လတ်ဆတ်ဆတ် ထွက်ကုန်များလည်း တစ်နေရာတည်းမှာ ရနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်

နေရာဒေသပေါင်းစုံကနေ လာရောက်ရောင်းချကြတဲ့အမျိုးစုံလှတဲ့ ဈေးသည်များစုစည်းတဲ့ ထိုဈေးနေ့ဟာ မြန်မာနိုင်ငံရဲ့အချို့ဒေသများအတွက် ထူးခြားနေပါလိမ့်မယ်


ဒေသတွင်းစိုက်ပျိုးရောင်းချသော ဒေသထွက်ဟင်းသီးဟင်းရွက်များ၊ ဒေသထွက်မုန်ညင်းချဉ်များအား ဈေးတွင် ရောင်းချ နေပုံ

တောင်ကြီးမှာကျင်းပတဲ့ ဈေးနေ့တွေကတော့ တောင်ကြီးမြို့ရဲ့ ရပ်ကွက်တွေထဲက ရပ်ကွက် (၆)ခုမှာ ကျင်းပရှိပြီး ဒီမြို့ရဲ့အဓိကဈေးဖြစ်တဲ့ မြို့မဈေးမှာပြုလုပ်တဲ့ ဈေးနေ့ကတော့ အကြီးဆုံးနဲ့ အစည်ဆုံးဖြစ်တယ်။ ထိုဈေးကိုရောက်ရင် ဘယ်ယာဉ်မှ ဖြတ်သွားလို့မရအောင် လမ်းအပြည့်‌ ပြွတ်သိပ် နေရာယူထားကြတဲ့ အရောင်စုံဈေးသည်တွေကို တွေ့မြင်ရမှာဖြစ်ပြီး ဈေးနဲ့နီးလေ၊ ပိုစည်ကား၊ ပိုရှုပ်လာတာကို တွေ့မြင်ရမှာပါ။ လူအရမ်းစည်ကားလွန်းလို့ ဈေးရဲ့ လမ်းစုံလမ်းထောင့်တွေမှာ “ခါးပိုက်နှိုက်သတိပြုပါ” ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေကိုလည်း တွေ့မြင် ရပါလိမ့်မယ်။ လူအုပ်ကြီးသာမက အပြိုင်အဆိုင် ရောင်းဝယ်ဖောက်ကားနေတဲ့ ရောင်းသူ၊ ဝယ်သူတွေ့ရဲ့ ဆူညံတဲ့ အသံတွေကလည်း သင့်ကို ၅ ရက်တစ်ဈေး ဈေးနေ့ထဲရောက်နေတယ်ဆိုတာ အမှတ်ရ စေပါလိမ့်မယ်။ သေသေချာချာ နားထောင်၊ လေ့လာကြည့်ရင် အမျိုးမျိုးသော ဈေးသည်တွေရဲ့ ပစ္စည်းရောင်းချမှု၊ ကြော်ငြာတွေနဲ့ ဈေးဝယ်များရဲ့ အနိုင်မခံ အရှုံးမပေးသော ဈေးဆစ်နည်းတွေပါ တွေ့မြင်နိုင်ပါသေးတယ်။ အဲ့ကြောင့်လဲ ဒေသခံများက ၎င်းဈေးမှာ သာမန်ဈေးချိန်ထက် တဝက်လောက်နီးပါးသက်သာတဲ့ဈေးနဲ့ လတ်ဆတ်တဲ့ပစ္စည်းအစုံကို ရနိုင်သေးတယ်လို့လည်း‌ ပြောကြပါတယ် အလည်လာရောက်သူတွေအနေနဲ့ ဒေသခံတွေလို ဈေးဆစ်နည်း တွေကို စမ်းကြည့်နိုင်သလို ‌ဈေးသည်များကလည်း ထက်ဝက် နီးပါးလောက်ကို အလျော့ပေးကြပါ သေးတယ်။


ဘယ်နေရာက သူတွေ လာရောင်းကြပါသလဲ

မြန်မာနိုင်ငံဟာတိုင်းရင်းသားလူမျိုးစုတွေစုစည်းနေထိုင်တဲ့  နိုင်ငံဖြစ်တဲ့အလျောက် ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာလည်း များစွာသော တိုင်းရင်းသားလူမျိုးများ နေထိုင်ကြပါတယ် အများစုကတော့ ရှမ်း၊ ဗမာ၊ တရုတ်၊ ပအိုဝ်း၊ ဝ၊ လီဆူး၊ ဓနု၊ အင်းသား၊ အခါ၊ လားဟူ၊ တောင်ရိုး၊ ဂေါ်ရခါး၊ ပန်းသေးလူမျိုးများ အစရှိသဖြင့် အရောင်စုံလှသော တိုင်းရင်းသားလူမျိုးစုပေါင်း များစွာ စုဝေးနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ သင်အလည်လာခိုက် အခွင့်သာရင် ဒီလိုဈေးနေ့မျိုးမှာ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအကုန်ကို တွေ့မြင်နိုင်ပါလိမ့်မယ်။ အများစုက သူတို့ရဲ့ ရိုးရာဝတ်စုံ တွေဝတ်ထားကြပြီး ရိုးရာသာစကားကို ပြော့လေ့ရှိပါတယ်။ ဈေးသည်အများစုကတော့ ညောင်ရွှေမြို့ (အင်းလေး)၊ ပင်းတယမြို့၊ ကက္ကူအစရှိသဖြင့် အနီးပတ်ဝန်းကျင်မြို့တွေကပါ လာရောက်ပြီး  ဈေးမှာစု၍ပျံကျရောင်းချကြတယ်။ ဈေးနေ့ဆိုတာနဲ့ မြို့ရဲ့လိုင်းကားတွေကိုလည်း ဈေးသည်တွေအပြည့်နဲ့ တွေ့ရပြီး ကားရပ်နားရာနေရာမှာသာမကဘဲ အများသုံးလမ်းတွေမှာပါ လူတွေ၊ ယာဉ်တွေနဲ့ ပြည့်ကျပ်နေလို့ ယာဉ်ကျောပိတ်ဆို့မှုတွေပါ ဖြစ်သွားရတဲ့ အထိ စည်းကားလှတယ်။ ဈေးနေ့ဆိုရင်တော့ ထိုနေ့ရဲ့ မနက်ခင်းတစ်ပိုင်းလုံး ရောင်းချကြတယ်။ မရေတွက်နိုင်အောင်များပြားလှတဲ့ ဈေးသည်တွေနဲ့ ဈေးဝယ်တွေရဲ့ အသံတွေ၊  စည်းကားပုံ မြင်ကွင်းတွေကတော့ ပျားအုံမှာ ပျားတွေစုပီး ဆူညံနေသကဲ့သို့ပင်။ 

ခေါင်တိုင်ဒေသထွက် အသင့်စားအစေ့အစံများ
အင်းလေးမှငါးနှင့်ပင်လယ်စာရောင်းချသည့် ဈေးသည်များ


ဈေးအတွင်း လာရောက်လည်ပတ်ရင်း အသားငါးရောင်းသူတွေကို တွေ့မြင်နိုင်သလို အသီးအရွက် ရောင်းသူ၊ အစားအသောက်ရောင်းသူ၊ ပန်းရောင်းသူအစရှိသဖြင့် အမျိုးစုံလှတဲ့ ဈေးသည်တွေကို တွေ့မြင်ရမှာဖြစ်ပြီး ယေဘုယျအားဖြင့် နေကြာပန်းခင်းတွေအများကြီးရှိတဲ့ ပင်းတယမြို့မှ နယ်ခံများမှ နေကြာစေ့၊ ဖရုံစေ့၊ ကွာစေ့ အစရှိသဖြင့် အစေ့အစံမျိုးစုံကို ရောင်းချလေ့ရှိပြီးလတ်ဆတ်တဲ့ ငါးနဲ့ ပင်လယ်စာများရောင်းချနေတဲ့ ဈေးသည်ကိုတွေ့ရင်လည်း အင်းလေးကန် ထဲမှ ဖမ်းပီး ရောင်းချပေးလေ့ရှိတဲ့ အင်းလေးဒေသခံလို့လဲ ယေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်လှတဲ့ဓားအသုံးပြုပုံနဲ့ဈေးရောင်းပုံက သူတို့ရြ့ပျူငှာမှုကို သတိထားမိစေမှာပါဘဲ။ ဈေးဝယ်တစ်ယောက်က ငါးရောင်းတဲ့သူကို “ငါးတွေလတ်ရဲ့လား” လို့မေးတော့ ဈေးသည်အကိုကြီးက ငါးကြေးခွံကိုင်ပေးနေရင်း “စိတ်မပူပါနဲ့အမ။ ကျွန်တော်တို့ ဒီမနက်နဲ့ မနေ့ညကမှ ဖမ်းမိထားတဲ့ဟာတွေပါ။ လတ်မလတ် အမကြီးချက်ကြည့်တဲ့အခါ သိလိမ့်မယ်။ လတ်ဆတ်ပီး ချိူနေမှာမို့ အခွင့်ရေးရတုန်း များများသာ ဝယ်သွား” ဆိုပီး ပြန်လည်ပြောဆိုနေတာလည်း ကြားသိခဲ့ရပါတယ်

အရောင်စုံသော ခေါင်းပေါင်းနှင့် ရိုးရာဝတ်စုံတို့ကို ဝတ်ဆင်ကာ ဒေသထွက်ကုန်များ ရောင်းချနေသော ပအိုဝ်း အမျိုးသမီးများ

ကြည့်လိုက်တာနဲ့ အရောင်စုံခေါင်းပေါင်းများနဲ့ အပေါ်အောက် အမဲရောင်ရိုးရာဝတ်စုံတွေ ဝတ်ဆင် ထားတဲ့ ပအိုဝ်းဈေးသည်များကလည်း အားကျမခံ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားတဲ့ အသီးအနှံ များ၊ ဟင်းသီးဟင်းရွက်များရောင်းချနေကြပြီး သင့်ကိုလည်း ဝယ်ချင်စိတ်တွေဖြစ်လာစေပါလိမ့်မယ်။ ဒါ့အပြင် အထည်ရောင်းသူတွေ၊ ဘေထုပ်ရောင်းသူတွေ၊ မီးဖိုချောင်သုံးပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်လက်မှု အိမ်းပစ္စည်းပေါင်းစုံ၊ အင်္ဂလိပ်ဆေး၊ ဗမာဆေးအရောင်းဆိုင်များ၊ ဟင်းခေတ် အမွှေးအကြိုင်ရောင်းသူများ အစရှိသော ဈေးသည်များကိုလည်း ပုံစံမျိုးစုံနဲ့ တွေ့မြင်ရမှာပါ အိတ်အပြည့်၊ ခြင်းအပြည့် ဝယ်ခြမ်းသွားတဲ့ အိမ်ရှင်မတွေရဲ့ ဈေးဝယ်ခြင်းတွေကလည်း ထိုဈေးနေ့ရဲ့ မရှိမဖြစ် အရေးပါမှု၊ အသုံးဝင်မှုတွေကို သတိရစေမှာဖြစ်ပါတယ်။


ကိုဗစ်ကာလအခက်အခဲများ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားစဉ်ကာလအတွင်း သန့်ရှင်းမှုသည် အရေးကြီးသောအချက် ဖြစ်သော ကြောင့် မြို့မဈေးကြီးတွင် ကိုဗစ်လူနာစတွေ့ချိန်မှစ၍ ဈေးများအားလုံးပိတ်ခဲ့ရပါတယ် မြို့များတွင် မြို့ဝင်မြို့ထွက်များအား ပိတ်ဆို့ခြင်း၊ ခရီးသွားလာခွင့်များ ရပ်ဆိုင်းခြင်း၊ အဝေးပြေးကားများ၊ ပို့ဆောင်ရေးများနှင့် ကူးသန်းရောင်းဝယ်ရေးများ ရပ်နားခြင်း များအပြင်  လူများစုဝေးရာနေရာများအား ရှောင်ကြဉ်ခြင်းနှင့် လူအုပ်စုများမြင်ရင်ပင် ကြောက်ရသည့်အဆင့်ထိ ဖြစ်ခဲ့ရပြီး ဆိုင်များနှင့် စားသောက်ဆိုင်များ အားလုံးနီးပါး ပိတ်သိမ်းခဲ့ရပါတယ်။ ထို့အတွက်ကြောင့် လူအများ အတွက် အလုပ်လုပ်ပုံမှာ လုံခြုံရေးနှင့် ကူးစက်ရောဂါကာကွယ်ရန်  အိမ်တွင်းမှသာနေ၍ အလုပ်လုပ် ရပါတော့တယ်။ ၎င်းအခက်အခဲများနှင့် လိုက်လျောညီထွေရှိစေရန် အင်တာနက်အသုံးပြု၍ ရောင်းဝယ်ဖောက်ကားခြင်းမှာကုန်သွယ်ရေး၊ ရောင်းဝယ်ရေးအတွက် မရှိမဖြစ်အရေးပါ လာခဲ့ပါတယ် ပို့ဆောင်ရေးမှာင်လည်း လူများကို ခရီးသွားခွင့်၊ တင်ဆောင်ခွင့်ပိတ်ခဲ့ပြီး ကုန်ပစ္စည်း ရောင်းဝယ်၊ သယ်ဆောင်ခြင်းများ ဆက်ရှိနေခြင်းကြောင့် ကုန်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှု ပြဿနာများ မရှိခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက် တနည်းတဖုံ ဆက်လက်၍ လုပ်ဆောင်နိုင်ခဲ့သည်။ ဈေးသည်အများစုသည်လည်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်လာခဲ့ကြပြီး ၎င်းတို့၏ ကုန်ပစ္စည်းများအား လူမှုကွန်ရက်များပေါ်တွင် ရောင်းချခြင်း၊ အင်တာနက်အသုံးပြုသည့် ဈေးကွက်ဖော်ဆောင်ရေး အဖွဲ့များနှင့် လက်လီလက်ကားအဖွဲ့များတို့နှင့် ချိတ်ဆက်လုပ်ကိုင်လာခြင်း၊ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများအား မိသားစုစီးပွားရေးများ အဖြစ် ပြောင်းပြီး လုပ်သားအင်အားအနည်းငယ်ဖြင့်သာ ဆက်လက်လုပ်ကိုင်ခဲ့ခြင်းများအား တွေ့ရှိခဲ့ရသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်စဉ်ကာလအတွင်း မိမိ၏ ကျန်ူမားရေးနှင့် လုံခြုံရေးတို့ အတွက် မိမိသည်သာ အခရာဖြစ်သောကြောင့် လူတိုင်းသည် အထူးဂရုစိုက်၍ ကူးစက်ရောဂါ မဖြစ်ပွားစေရန် ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာခဲ့ရပြီး မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အင်တာနက်နှင့် လူမှုကွန်ယက်စာမျက်နှာများတို့၏ အကူအညီဖြင့် ဆက်လက်လုပ်ဆောင်နိုင်ခဲ့ ကြသည်။ ထိုကာလအတွင်း စီးပွားရေးများ ကျဆင်းခဲ့သော်လည်း လူစု လူဝေးခြင်းနှင့် ခရီးထွက်ခြင်း အစရှိသော အခက်အခဲများမှအပ အခြားကြီးမားသော အခက်အခဲများ မရှိခဲ့ပါ ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ချိန်မှစ၍ ခရီး သွားလာခွင့်များ ပိတ်ဆို့ခဲ့ရသောကြောင့် ဈေးများသို့လာရောက်၍ လေ့လာသောခရီးသွားများ၊ ခရီးသွားလှုပ်ရှားမှုများလည်း မတွေ့ရတော့ပေ။



ယခုလက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအရေးအခင်းကာလ အခက်အခဲများ

ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ စတင်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအရေးအခင်းများကြောင့် မြန်မာနိုင်ငံ အတွင်း အခက်အခဲများစွာ ပေါ်ပေါက်ခဲ့ပြီး အောက်ဖော်ပြပါ စီးပွားရေးနှင့် ငွေရေးကြေးရေး အကျပ်အတည်းများသည် စီးပွားရေးလုပ်ငန်းများ ရှေ့ဆက်ရန် အခက်အခဲများစွာကို ပိုမိုဖြစ်ပေါ် စေခဲ့သည်။ တောင်ကြီးရှိဈေးသည်အများစုသည်ပင် သူတို့သည် အမျိုးမျိုးသော အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်းနှင့် ၎င်းတို့၏ လုံခြုံမှုနှင့် ငွေရေးကြေးရေးအခြေအနေများသည်လည်း များစွာသော ဖိအားများအောက်တွင် လုပ်ဆောင်နေရသည်။

စစ်ကောင်စီက ဆန္ဒပြသောပြည်သူများအား ဖြိုခွဲစဉ်အတွင်း ရိုက်နှက်ခြင်း၊ ကျည်ဆံအစစ်များ အသုံးပြု၍ ဖြိုခွင်းခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းနှင့် သတ်ဖြတ်ခြင်း အစရှိသော လုပ်ရပ်များသည် ပျံကျဈေးသည်များအဖို့ ၎င်းတို့၏ဆိုင်များ၊ စီးပွားရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ရာ မဝံ့ရဲတော့ပေ။ စီးပွားရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ပြည်သူများ ငွေရေးကြေးရေးအကျပ်အတည်းများနှင့် စတင်ရင်ဆိုင်ခဲ့ကြရသည်။ ထို့အပြင် ကြိမ်ဖန် များစွာသော ပေါက်ကွဲခြင်းများ၊ ဆန္ဒပြပြည်သူများနှင့် စစ်ကောင်စီများအကြား ဖြိုခွဲများသည် ပျံကျဈေးသည်များအတွက် ဆက်လက်ဖွင့်လှစ်နိုင်ရန် အလွန်ပင်ခက်ခဲခဲ့ကြရသည်။ ရုတ်တရက် ဖြစ်ပေါ်သော အန္တရာယ်များသော အခြေအနေများ ဖြစ်ပေါ်ခဲ့လျှင်လည်း ၎င်းတို့၏ပိုင်ဆိုင်မှုပစ္စည်းများ၊ ဆိုင်များကိုပင် ပစ်၍ ပြေးရသေးသည်။ ပျံကျဈေးသည်တစ်ယောက်ဆိုလျှင် သူတို့ဆိုင်များကို ပြန်လည်ဖွင့်ရန်ကြိုးပမ်းခဲ့သည့်တိုင် ပေါက်ကွဲသံများ၊ သပိတ်ဖြိုခွဲသံများ ကြားလျှင်ကြားခြင်း ၎င်းတို့၏ ပစ္စည်းများ၊ ပိုင်ဆိုင်များ မည်မျှများပြားသည်ဖြစ်စေ၊ မည်မျှဈေးကြီးသည်ဖြစ်စေ ထားခဲ့ရပီး အသက်အန္တရာယ် လွတ်အောင် ပြေးခဲ့ရကြောင်း၊ ဆိုင်ဖွင့်စဉ်ကာလအတွင်း လာရောက်လုယက် ခြင်းများ၊ ဖမ်းဆီးခံရခြင်းများ ကြုံမည်ကိုလည်း အမြဲတစေ စိုးထိတ်နေရကြောင်း ပြောကြားခဲ့သည်။ ငွေရေးကြေးရေးအတွက် ဖြေရှင်းနေပုံများကို‌ မေးခဲ့ရာတွင် အများစုမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ရင်ဆိုင်ဖြေရှင်းနေရကြောင်း၊ လှူဒါးမှုများတွင်လည်း ပျံကျဈေးသည်မှာ အရေအတွက်များပြားခြင်းနှင့် ယခုအချိန်တွင် စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဆောင်လိုသောကြောင့် အစိုးရဝန်ထမ်းအဖြစ် မှ ရပ်နားထားသူများသကဲ့သို့ လှူဒါန်းမှုများ မရရှိသောကြောင့် ၎င်းတို့အနေဖြင့် အထက်ဖော်ပြပါ အခက်အခဲများအပြင် ငွေရေးကြေးရေးအခက်အခဲများပါရှိခြင်းကြောင့် ထပ်ဆင့်အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း၊ ထို့အပြင် ပိုက်ဆံများချေးယူခြင်း၊ လွှဲခြင်းများအတွက် ရာခိုင်နှုန်းအလိုက် အပိုဝန်ဆောင်ကြေးများသည်လည်း ခုချိန်ထိမငြိမ်သေးဘဲ နေ့စဉ်နဲ့အမျှပြောင်းလဲနေခြင်းများကိုလည်း ရင်ဆိုင်နေကြရသည်။

တောင်ကြီးဈေးနေ့၌ တောင်ကြီးနှင့်အနီးမြို့များမှ ဒေသထွက်အစားအသောက်များအား ရောင်းချရန် ခင်းကြင်းထားပုံ

ဈေးသည်များအတွက် ထပ်ဆောင်းပြဿနာတစ်ခုမှာ အာဏာသိမ်းပြီးစကာလတွင် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းကြောင့် သတင်းအချက်အလက် ပြတ်တောက်ခြင်း၊ ငွေလွှဲငွေထုတ်ပြဿနာများ ပိုမိုကြီးမားလာခြင်း၊ အဝယ်ဒိုင်များ၊ အရောင်းဒိုင်များ၊ နယ်ဝေး ဖောက်သည်များနှင့် ဈေးဝယ်များတို့နှင့် ဆက်သွယ်ရန် ခက်ခဲလာခြင်း၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ ဈေးကွက်အဆက်သွယ် ပျက်သွားမည်ကိုစိုးရိမ်နေရခြင်းတို့ကို ကြုံတွေ့နေရကြောင်း ဈေးသည်တစ်ဦး၏ ပြောစကားများအရ သိရသည်။

ငွေလွှဲပြောင်းခြင်းများသည် အင်တာနက်လိုင်းများမဖြတ်တောက်မီက လွယ်ကူခဲ့ပြီး အွန်လိုင်းပေါ်မှ ငွေပေးချေခြင်းသည်လည်း အသုံးများခဲ့သည်။ ပျံကျဈေးသည်များ ၎င်းတို့၏ ဒိုင်များ၊ ဝယ်ယူသူများသို့ Wave money, KBZpay, OK dollar, CB pay, AYA pay or mobile banking  အစရှိသော အွန်းလိုင်းငွေပေးချေရေး စနစ်များ အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင်မူ ဘဏ်များနှင့် ကိုယ်စားလှယ်များမှ ငွေသွင်းငွေထုတ် အခက်အခဲများကြောင့် အများစုသည် အွန်လိုင်းပေးချေမှုများ အစား ငွေသား များကိုသာ လက်ခံသောကြောင့် ဈေးဝယ်များအတွက်သာမက ဈေးသည်များလည်း အခက်အခဲ ကြုံနေရပြီး ငွေသားများဖြင့်သာ ပေးချေနေရတော့သည်။

၎င်းတို့အနေဖြင့် ငွေကြေးလွှဲပြောင်းခြင်းသည်သာ အခက်အခဲမဟုတ်၊ သွားလာပို့ဆောင်ရေး အတားအဆီးများကြောင့်လည်း အချို့သော ကုန်ပစ္စည်းများအတွက် ကုန်ကြမ်းများ သိုလှောင်မှုတွင် လည်း နှောင့်နှေးကြန့်ကြာခြင်းစသော အခက်အခဲများလည်း ရှိနေခဲ့သည်။ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတချို့မှာ ပိတ်နေခဲ့ပြီး ဆက်လက်လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများမှာလည်း ဖြတ်သန်း သယ်ယူရာ လမ်းကြောတစ်လျှောက် ဖွင့်ဖောက်စစ်ဆေးခြင်းများ၊ လုံခြုံရေးတင်းကြပ်ခြင်းများ၊ ကုန်ဈေးတက်ခြင်း၊ ကုန်တင်ကုန်ချစရိတ်များ တိုးလာခြင်းကြောင့်လည်း အခြေခံပစ္စည်းများအပါအဝင် အထွေထွေစရိတ်များကလည်း တိုးသထက်သာ တိုးလာခဲ့သောကြောင့် ၅ ရက်တစ်ဈေးမှာ ဆက်လက်ဖွင့်လှစ်နေသော်လည်း အရင်လို စည်ကားခြင်း အလျဉ်းမရှိ၊ ၅ ရက်တစ်ဈေး၏ အနှစ်သာရများပျောက်ဆုံးနေပြီး ဗျံကျဈေးသည်များ သာမက ဈေးဝယ်များကပင် ၎င်းတို့၏ ဈေးရောင်းဝယ်ချိန်တွင် အခက်အခဲများ ကိုယ်စီ တွေ့ကြုံနေရသည်။


အနှစ်ချု်

ရှမ်းပြည်နယ်၏ အမျိုးမျိုးသော တမူထူးခြားလှသည့် ခရီးသွားလုပ်ဆောင်မှုများ၊ သွားလာလည်ပတ်ရာ ဒေသများ အနက်မှ ၅ ရက်တစ်ဈေးပြုလုပ်သော ဈေးနေ့သို့ လည်ပတ်ကြည့်ရှုခြင်းသည်လည်း လူကြိုက်များတဲ့ခရီးစဉ်တခုဖြစ်ပြီး မိမိတို့နေရပ်သို့ ပြန်ရောက်ပါက သူငယ်ချင်းများနှင့် မိသားစုများကို ပြန်လည်ဝေမျှနိုင်မည့် ထူးကဲသောအမှတ်အရအပြည့်နှင့် ဒေသအစားအစာများ မြည်းစမ်းပုံများ အစရှိသော အကြောင်းအရာများနှင့်တကွ အခြားသောစိတ်ဝင်စားစရာ ဇာတ်လမ်းများ လည်း ရင်ထဲရောက်လာမည်မှာ အသေအချာပင်

လတ်တလောဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများနှင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုများကြောင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရန်နှင့် ခရီးသည်များအတွက် ဈေးများသို့ လည်ပတ်ကြည့်ရှုခြင်းများ၊ ဒေသအစားအစာများမြည်းစမ်းခွင့်များ၊ ဒေသခံတို့၏ လူနေမှုဘဝတို့ကို ကြည့်ရှုလေ့လာခြင်းများအား  ပြန်လည်ဖွင့်လှစ်ခွင့်ရရန် အချိန်တစ်ခုထိ ကြာနိုင်သော်လည်း အခြေအနေများ အရင်လို ပြန်လည်ဖွံ့ဖြိုးလာပါက  ခရီးသည်များအတွက် ဤကဲ့သို့ တမူထူးကဲသော ခရီးသွားလုပ်ဆောင်မှုများ ပြန်လည်လုပ်ဆောင်လာဆောင်နိုင်မည်ဖြစ်ပြီး ခရီးစဉ်များတွင် တဖန်ပြန်လည် အသက်ဝင်လာပါလိမ့်မည်။

လတ်တလောတွင် မြန်မာနိုင်ငံ၌ ပြည်ပခရီးသည်များသည်လည်း လာရောက်လည်ပတ်ခွင့်မ ရှိသေးသည့်အပြင် ပြည်တွင်းခရီးသည်များအတွက်လည်း လုံခြုံစွာ ခရီးသွားလာနိုင်ခြင်းမရှိပေ။

တောင်ကြီးမြို့ ၅ ရက်တစ်ဈေး(ဈေးနေ့) တွင် လည်ပတ်ကြည့်ရှုခြင်းသည် မြန်မာနိုင်ငံသားများ အတွက်သာမက နိုင်ငံခြားသားများအတွက်ပါ ထူးကဲသော အတွေ့အကြုံဖြစ်လိမ့်မည့်အပြင် ဒေသခံတို့ထံမှ ဝယ်ယူအားပေးခြင်းသည်လည်း ဒေသခံလူမှုအဖွဲ့အစည်းကို အထောက်အကူ ပြုရုံသာမက ကြွယ်ဝချမ်းသာသော မြန်မာနိုင်ငံဖြစ်စေရေးကိုလည်း အကျိုးပြုရာရောက်ပေလိမ့်မည်။ 

ရှမ်းပြည်ဒေသထွက်ကုန်အချို့
တောင်ကြီးနှင့် တောင်ကြီးအနီးရှိ မြို့များမှ ဒေသတွင်းစိုက်ပျိုးထားသော ဘုရားပန်းများ
လက်လုပ်ခြင်းများနှင့် အသီးတချို့ရောင်းချနေသော ဒေသခံအဘိုးအို

 


 


Posted
Nov 3, 2021