ကိုဗစ်ရောဂါ၏ အကျိုးဆက်ကို အလူးအလဲခံနေရသည့် မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းသည် စီးပွားရေးထိခိုက်မှုများကို ဆက်လက် ရင်ဆိုင်နေရဆဲပင်။ ဒါ့အပြင် ကိုဗစ်ဒုတိယလှိုင်းအပြီးတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့်  တစ်ပူပေါ်တစ်ပူဆင့်ကာ စီးပွားရေးပိုမိုထိခိုက်ခဲ့ရသည်။ ယခုကဲ့သို့ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ဟိုတယ်ဝန်ထမ်းများ၊ အမျိုးသမီးများ နှင့် လူငယ်များ၏ အသက်အိုးအိမ်စည်းစိမ်နှင့် စားဝတ်နေရေးကို ထိခိုက်လာခဲ့သည်။

ဟိုတယ်များ ရေရှည်ရပ်တည်နိုင်ရန်အလို့ငှာ ကျွန်မတို့ My Local Passion Team အနေဖြင့် ဟိုတယ်များ၏ ပကတိအခြေအနေကို ဖော်ပြပေးလိုပါသည်။ ဒါကြောင့် နေပြည်တော်နှင့် ရန်ကုန်ရှိ ဟိုတယ်ကြီးများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကို ဆက်သွယ်မေးမြန်းခဲ့ရာ အချို့သည် ကယ်ဆယ်ရေးအတွက် အထူးစီစဉ်သော လေယာဉ်မှ တရုတ်ခရီးသွားများကိုသာ လတ်တလော ရရှိနေပြီး အချို့မှာ Quarantine စင်တာများအဖြစ် ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။ အချို့မှာမင်္ဂလာဆောင်ကဲ့သို့ ပွဲများ စီစဉ်ဆောက်ရွက်မှုများသာ ခုတလော ရှိနေပေသည်။

နေပြည်တော်မှ ဟိုတယ်ဝန်ထမ်းတစ်ဉီးက ပြောကြားသည်မှာ : သူသည် ဟိုတယ်၏  Marketing နှင့် Public Relation အပိုင်းကို တာဝန်ယူနေရသူဖြစ်ပြီး ကိုဗစ်ရောဂါ၏ ရိုက်ခတ်မှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဟိုတယ်တွင် booking ဖျက်သွားသော ဧည့်သည်အမြောက်အများရှိခဲ့ပြီး ဧည့်သည်အနည်းငယ်သာ ကျန်ရှိပါသည်။ တစ်နိုင်ငံလုံးနီးနီး အသွားအလာကန့်သတ်နေရခြင်းကြောင့် ရက်ရှည်တည်းခိုသော ဧည့်သည်များမှ လွဲ၍ မကျန်တော့ပါ။

ဟိုတယ်ဘက်မှလည်း သက်သာသော စျေးနှုန်းများကို ကမ်းလှမ်းခြင်း၊ စျေးလျှော့ခြင်းနှင့် အိမ်အရောက် အစားအသောက်ပို့ဆောင်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဧည့်သည်များ၏ လုံခြုံရေးနှင့် အဆင်ပြေမှုအတွက် ပိုမိုဦးစားပေးကာ ဆောင်ရွက်ပေးခဲ့ပါသည်။

Covid နှင့် မတည်ငြိမ်သော နိုင်ငံရေး အခြေအနေကြောင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များပိတ်ထားရပြီး လူအများလည်း ခရီးမသွားရဲကြပေ။ ထို့ကြောင့် ဟိုတယ်လုပ်ငန်းများသည်လည်း ဧည့်သည်အနည်းငယ်ဖြင့်သာ လည်ပတ်နေကြရသည်။

သူသည် ဟိုတယ်ဝန်ထမ်းတစ်ဉီးဖြစ်သည့်အတွက် ဟိုတယ်အကျိုးစီးပွားအတွက် တစ်ဖက်တစ်လမ်းမှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးနေပါသည်။ အထူးသဖြင့် အခန်းနှုန်းထားလျှော့ပေးခြင်းတွေနဲ့ အစားအသောက်ဝန်ဆောင်မှုပေးတဲ့ အပိုင်းတွင်ဖြစ်သည်။ ဟိုတယ်တွေပိုင်းမှလည်း ယခုလို ကာလအတွင်းဧည့်သည်များအတွက် လိုအပ်ချက်နှင့် ဟိုတယ်ဘက်မှ ဆောင်ရွက်ပေးနိုင်သည်များကို ရှင်းလင်းစွာ သိထားပြီး နွေးထွေးပျူငှာသော ဝန်ဆောင်မှုများပေးခြင်းဖြင့် မကြာခင် ဆိုးရွားသောအခြေအနေများကို ကျော်လွှားနိုင်ပြီး စီးပွားရေး ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း ​ဖြေကြားခဲ့ပါသည်။

ထပ်မံ၍ ရန်ကုန်မှ ဟိုတယ်ဝန်ထမ်းတစ်ဉီးကို မေးမြန်းခဲ့ရာ သူမသည် ဟိုတယ်အခန်းများကို ရောင်းချပေးရသော အရောင်းဝန်ထမ်းတစ်ဉီး ဖြစ်ရာ ယခုကာလတွင် သူမ၏ ဟိုတယ်၌ မြန်မာလူမျိုး ဧည့်သည်များနှင့် ကယ်ဆယ်ရေးအတွက်စီစဉ်သော လေယာဉ် (relief flight) များမှ ဧည့်သည်များသာ ရှိ​ပါသည်။ အပန်းဖြေဧည့်သည်များကို အဓိကထားဖွင့်လှစ်ထားသည့် ဟိုတယ်ဖြစ်ပြီး သူမက ခရီးသွားအေးဂျင့်များနှင့် ချိတ်ဆက်ကာ ဧည့်သည် ရှာပေးနေရပါသည်။ ယခုအ​ခြေအနေများ​နှင့် ဟိုတယ်တွင် ဧည့်သည်နည်းမှုကြောင့်  သူမ၏ လစာလည်း အနည်းငယ်သာ ရသဖြင့် အသက်မွေးဝမ်းကြောင်းကို ထိခိုက်လျက်ရှိပါသည်။ “ဒီကာလဆိုးကြီးကို အမြန်ဆုံးကျော်လွှားပြီး ဟိုတယ်အနေနဲ့လည်း နဂိုအတိုင်းဝင်ငွေ ရရှိလာပါစေ”လို့ အမြဲဆုတောင်းနေပါကြောင်း ဖြေကြားခဲ့ပါသည်။ သူမအနေဖြင့် ဟိုတယ်သို့ လာရောက်တည်းခိုသော ဧည့်သည်များအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန် အမြဲအဆင်သင့်ဖြစ်အောင် ကြိုးပမ်းနေပါသည်။

စာရေးသူအနေဖြင့် ခရီးသွားလုပ်ငန်းသည် လုပ်ငန်းရှင်သူဌေးကြီးများမှ အောက်ခြေလူတန်းစားအထိ ဝင်ငွေရသည့်လုပ်ငန်း ဖြစ်သည့်အတွက် ဟိုတယ်ဝန်ထမ်းမိသားစုများ၏ စားဝတ် နေရေးသည် ဟိုတယ်တစ်လုံးတည်း အပေါ်တွင် အများကြီးမှီခိုလျက် ရှိသည်ဟု ထင်မိပါသည်။ ဝန်ထမ်းများသည် ဧည့်သည်များအပေါ်တွင် ဖော်ရွေစွာ ဆက်ဆံခြင်းဖြင့်သာ ယခုလက်ရှိဟိုတယ်၏အခက်အခဲများကို ကူညီဖြေရှင်းနေကြရသည်။ သို့ပါ၍ ဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံ၏ ဧည့်ဝတ်ပျူငှာမှုတွင် သံသဃ ဖြစ်ရန် မလိုပါ။ ဟိုတယ်များနှင့် ဝန်ထမ်းများအားလုံးသည် ကြင်နာသော နှလုံးသားနှင့် နွေးထွေးသော ဝန်ဆောင်မှုများပေးရန် အသင့်ရှိနေပါကြောင်း တင်ပြရင်း ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်တွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တင်ပြလိုက်ရပါသည်။



Posted
Jun 24, 2021