ဤဆောင်းပါးသည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ပြောင်းစိုက် တောင်သူတစ်ဉီးအကြောင်းကို ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ ညောင်တုန်းမြို့သည် ရန်ကုန်မှ ၃၆ ကီလိုမီတာ အကွာ ပန်းလှိုင်မြစ်ကမ်းဘေးတွင် တည်ရှိပါသည်။ ကိုဗစ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့်နိုင်ငံ၏ လက်လုပ်လက်စား အလုပ်သမားများနှင့်ယှဉ်လျှင် လယ်သမားများအပေါ်တွင် ကြီးမားသော သက်ရောက်မှုများ ယခုအချိန်အထိ များစွာမရှိသေးဟု ပြောနိုင်ပေသေးသည်။

 သို့ရာတွင် တောင်သူလယ်သမားများမှာလည်း ၎င်းတို့၏ ရာသီပေါ်အသီးအနှံများ စိုက်ပျိုးရောင်းချရေးတွင် မငြိမ်မသက်မှုများကြောင့် ရသင့်သော အကျိုးအမြတ်များ မရရှိပဲ စျေးမတည်ငြိမ်မှုများ ရင်ဆိုင်ကြုံတွေ့နေရပေသည်။

       ဤပြောင်းတောင်သူသည် မိုးရာသီတွင် မြစ်ရေများတက်ကာ ဖုံးလွှမ်းတတ်သော ရွာတွင် နေထိုင်သူတစ်ဉီးဖြစ်ပါသည်။ ထို့ကြောင့် ကိုင်းမြေများသည် မိုးရာသီတွင် ရေအောက်ရောက်သွားသဖြင့် ၎င်းဒေသသည် နွေကာလတစ်ခုတည်း ကိုသာ မှီခိုအားကိုး၍ စီးပွားရှာစားရသော နေရာဖြစ်သည်။ လုပ်ငန်းသည် တစ်ရာသီစားမျှသာ။ ကျွန်မတို့အနေဖြင့် ပြောင်းတောင်သူတစ်ဦး၏ နှစ်စဉ်ပြောင်းစိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းပြုပုံကို လေ့လာခဲ့ရသည်။ မြန်မာနိုင်ငံသည် ပြောင်းဆံများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိသည်။

ပြောင်းစိုက်ပျိုးရန် စတင်ဆောင်ရွက်ရပုံ (‌ပြောင်းစိုက်နည်း)

       ကိုင်းမြေတွင် စိုက်ပျိုးရန် အဆင်သင့်ဖြစ်ပါက ပြောင်းတောင်သူသည် မြို့သို့ သွားကာ ပြောင်းဆံမျိုးစေ့များကို ဝယ်ယူရသည်။ မြို့သို့ ရောက်ရှိရန် စက်လှေဖြင့် ၄၅ မိနစ်ကြာ သွားရသည်။တောင်သူကြီး၏ ကျေးရွာသည် ဆင်းရဲပြီး လျှပ်စစ်မီးတောင် မရရှိသေးပါ။ ၎င်းတို့ရွာတွင် အော်ဂဲနစ်အသီးအနှံများနှင့် ရေထွက်ပစ္စည်းများသာ ရရှိပြီး အသုံးအဆောင်များ လိုအပ်ပါက မြို့၌ သွားရောက်ဝယ်ယူမှရရှိနိုင်ပေသည်။

       စိုက်ပျိုးရန်မြေတစ်ဧကအတွက် ပြောင်းတစ်အိတ်ခွဲ လိုအပ်သည်။ သူသည်  ငှားရမ်းထားသော အလုပ်သမားများနှင့်အတူ စိုက်ပျိုးရန် ပြင်ဆင်သည်။ အစေ့စိုက်ပြီး မရိတ်သိမ်းခင်အထိ ယာမြေထဲသို့ ၃ ၄ ခါလောက် ရေတင်ပေးရသည်။ ရာသီဉတုအခြေအနေများကို နားစွင့်ရင်း ကောင်းမွန်သော အစာကြွေးမှုဖြင့် ပြောင်းပင်များကို အမြဲဂရုစိုက်ပေးပါသည်။ ဒါ့အပြင် မြို့မှ ကောင်းမွန်သော ဓာတ်မြေသြဇာများကို ရွေးချယ်ကျွေးစေကာ စိုက်ပျိုးရေး အောင်မြင်စေရန် အားသွန်ခွန်စိုက် ဆောင်ရွက်ရသည်။

       ပြောင်းဖူးများ ချိုးနိုင်သည့် အဆင့်ရောက်ရန် အများအားဖြင့် ၄ လ ကြာမြင့်ပါသည်။ အပင်မှ ချိုးယူပြီး နေရောင်ထဲတွင် ၂ ရက် သို့မဟုတ် ၃ ရက် လှန်းပေးရပါသည်။ ထို့နောက် ၎င်း၏ အိမ်သို့ ထွေလာဖြင့် သယ်ယူပြီး ပြောင်းချွေစက်ဖြင့် ချွေရသည်။ အခြားလယ်သမားများကိုလည်း အခကြေးယူငွေပြီး ပြောင်းချွေပေးသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သည်ဟု သူက ပြောပါသည်။သူသည် မိသားစုဝင်ငွေအတွက် ရသမျှအလုပ်ကို အားသွန်ခွန်စိုက်ဆောင်ရွက်သည်ကို တွေ့ရပါသည်။

ချွေပြီးသော ပြောင်းစေ့များကို ခြောက်သွေ့စေရန် နေရောင်အောက်တွင် ၂ ရက် သို့မဟုတ် ၃ ရက် လှန်းရပြီး ခြောက်သွေ့ကာ စိတ်ချရသည့် အခြေအနေတွင် အိတ်ဖြင့် ထည့်ချုပ်ကာ ရောင်းချရန် အသင့် ပြင်ဆင်ရသည်။

Picking and Cutting the corn-cob with hand under the hot sun


ပြောင်းဆံများကို မြို့သို့ တင်ပို့ခြင်း

       ရွာမှမြို့သို့ ပြောင်းပို့သည့် သည့်အခါတွင်လည်းမလွယ်ကူလှပေ။ ပထမဉီးစွာ ရောင်းချရန် အဆင်သင့်ဖြစ်နေသော ပြောင်းများကို အိမ်မှ စက်လှေဆိပ်သို့ ထွေလာဂျီဖြင့် သယ်ယူရသည်။ ထို့နောက် လှေပေါ်တင်၍ မြစ်ကြောင်းတစ်လျှောက် ခုတ်မောင်းလာကာ မြို့၏ သင်္ဘောဆိပ်သို့ ရောက်ရှိသည်။ ထိုဆိပ်ကမ်းမှ တဆင့်  ပြောင်းရောင်းမည့် ပွဲရုံသို့ ပြောင်းအိတ်များကို ထွေလာဖြင့် ထပ်မံသယ်ယူရပြန်ပါသည်။

       ပွဲရုံရောက်ရှိသည့်အခါ ပြောင်းဝယ်သူမှ ပြောင်း၏ အရည်အသွေးကို စစ်ဆေးပြီး ေစျးညှိနှိုင်းကာ အရောင်းအဝယ် လုပ်ကြသည်။ ၎င်းနောက် ပြောင်းရောင်းရငွေဖြင့် အိမ်အတွက်လိုအပ်သည်များကို စျေးထဲ ဝင်ဝယ်ပြီးမှ ရွာသို့ ပြန်လေ့ရှိသည်။ ဤနည်းအားဖြင့် တစ်နှစ်တွင် ၄ ကြိမ်ခန့် ခွဲရောင်းကာ ပြောင်းလုပ်ငန်းကို  မိသားစု စီးပွားရေးတခုအဖြစ် ကြိုးပမ်းလုပ်ကိုင်လျက်ရှိသည်။

စာရေးသူ၏ တင်ပြချက်။ ပြောင်းတောင်သူတစ်ဉီး၏ ဘဝကို လေ့လာတွေးမြင်ကြည့်လျှင် မလွယ်ကူကြောင်း တွေ့ရပေလိမ့်မည်။ စိုက်ပျိုးချိန်နှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများတွင် အခက်အခဲများစွာ ရင်ဆိုင်နေရသည်ကိုလည်း သိနိုင်ပါသည်။ ပြောင်းလုပ်ငန်းများ ယခုထက်ပိုမို စီးပွားဖြစ်စေရန်နှင့် စိုက်ပျိုးရေးအတွက် ခေတ်မီနည်းပညာများအသုံးပြုလာနိုင်စေရန်  အတွက် နိုင်ငံတကာစျေးကွက်တွင် အရည်အသွေးကောင်းသော ပြောင်းအမျိုးအစားများကို ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရန် လုပ်ဆောင်ကြရမည် ဖြစ်သည်။ သို့မှသာ ထိုတောင်သူဉီးကြီးကဲ့သို့ ပြောင်းတောင်သူများ၏ ဝင်ငွေသည် တိုးတက်လာမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော လူေနမှုအဆင့်အတန်းကို ရရှိနိုင်လိမ့်မည်။ သို့ဖြစ်ပါ၍ ၎င်းတို့၏ စီးပွားရေး ရေရှည်ဖွံ့ဖြိုးပြီး ကောင်းမွန်သောအကျိုးကျေးဇူးများရရှိစေရန်နှင့်  အကူအညီများစွာ ရရှိစေရန် အလို့ငှာ ကျွန်မတို့အားလုံး အတူတကွ ပူးပေါင်းပြီး ဤဆောင်းပါးကို ဝေမျှပေးစေလိုပါသည်။



Posted
Jul 23, 2021