မြန်မာတို့၏ လက်ဖက်ရိုးရာ 

မြန်မာနိုင်ငံတွင်  လက်ဖက်ရွက်စိမ်းကို ရှမ်းပြည်နယ်တွင် အဓိကထားစိုက်ပျိုးကြသကဲ့သို့ လက်ဖက်သုပ်ကို ရှမ်းလူမျိုးများမှ စတင်စားသုံးခဲ့သည်ဟု မြန်မာ့သမိုင်းဝင် ပုံပြင်များတွင် လေ့လာသိရှိရပါသည်။ လက်ဖက်ရွက်ကို ရိတ်သိမ်းသည့်အချိန်တွင် အချို့ကို လက်ဖက်ခြောက်အဖြစ် အခြောက်ခံပြီး အချို့ကို လက်ဖက်ရည်ကြမ်းအဖြစ်သောက်သုံး ကြသည်။ 

မြန်မာတို့သည် လက်ဖက်ကို အချဉ်ဖောက်၍ လက်ဖက်သုပ်များပြုလုပ် စားသုံးကြသည်။ လက်ဖက်သုပ် တွင်ပါဝင်သော အချဉ်ဖောက် ထားသည့်လက်ဖက်ရွက်များကို "အညွှန့်" များဟုခေါ်ပါသည်။ မြန်မာလူမျိုးများသည် လက်ဖက်သုပ်ကို ပုံစံအမျိုးမျိုး ဖြင့်စားသုံးကြသည်။ လက်ဖက်သုပ်သည် မတူညီသောနေရာဒေသ၊ ဒေသခံလူများ ၏တီထွင်ဖန်တီးမှုကို လိုက်၍ ပုံစံအမျိုးမျိုးကွဲပြားကြပါသည်။ 

လက်ဖက်သုပ်ပြုလုပ်ရာတွင် နေရာဒေသကိုလိုက်၍ မတူညီသော ပါဝင်ပစ္စည်းများလည်း ကွဲပြားခြားနားသည်ကို တွေ့မြင်နိုင်သည်။ ထိုပါဝင်ပစ္စည်းများအားလုံးသည် မြန်မာ နိုင်ငံအရပ်ရပ်မှ ထွက်ရှိသောပစ္စည်းများဖြစ်ပါသည်။ အထူးသဖြင့် လက်ဖက်ရွက်ကို မြန်မာနိုင်ငံအရှေ့ဘက်ရှိ ရှမ်းပြည်နယ်မှအများဆုံးရရှိပြီး ပဲအမျိုးမျိုးကို မြန်မာနိုင်ငံအလယ်ပိုင်းမှထွက်ရှိ၍ ပုစွန်ခြောက်များကိုမူ မြန်မာနိုင်ငံတောင်ဘက်ပင်လယ်ကမ်းခြေဒေသများမှရရှိပါသည်။ ထို့အတူ လက်ဖက်သုပ်တွင်ပါဝင်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီး၊ ကော်ဖီထုပ် အစရှိသော ပါဝင်ပစ္စည်းများကို မြန်မာနိုင်ငံအရပ်ရပ်မှ ရရှိပါသည်။ မြန်မာ့ရိုးရာလက်ဖက်သုပ်သည် မြန်မာတို့၏ အရောင်အသွေးစုံလင်သော အစားအစာတစ်ခုအနေဖြင့် သာမက ဒေသခံလူအများ၏ ကြိုးစားအားထုတ်မှုကိုပါ မြင်တွေ့နိုင်ပါသည်။

မြန်မာရိုးရာလက်ဖက်

နာမည်ကြီးရိုးရာလက်ဖက်ဗန်း

ရိုးရာလက်ဖက်ဗန်းဆိုသည်မှာ ယွန်းလင်ဗန်းထဲတွင် လက်ဖက် သုပ်၌ ပါဝင်သော လက်ဖက်၊ ကြက်သွန်ဖြူကြော်၊ မြေပဲကြော်၊ နှမ်း၊ လတ်ဆတ်သော အနီရောင်ခရမ်းချဉ်သီး၊ ငရုပ်သီး၊ ကြက်သွန်ဖြူ၊ သံပုရာသီး၊ ပုစွန်ခြောက်စသော ပါဝင်ပစ္စည်း အမျိုးမျိုးကို သီးခြားစီစုပုံထည့်ထားသော စားချင်စဖွယ် လင်ဗန်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရိုးရာလက်ဖက်ဗန်းကို အလှူ၊ မင်္ဂလာပွဲများတွင်သရေစာအဖြစ် ဧည့်ခံကျွေးမွေးသော အလေ့အထရှိကြပါသည်။ ၎င်းလက်ဖက်ဗန်းကို  "အခမ်းအနားများတွင် ကျွေးမွေးသော လက်ဖက်ဗန်း" ဟု ခေါ်ဆိုနိုင်သည်။ မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များတွင်လည်း ဧည့်သည်များကို လက်ဖက်ဗန်းဖြင့် ဧည့်ခံလေ့ရှိကြသည်။ လက်ဖက်တွင် ကဖိန်းဓာတ် ပါဝင်သောကြောင့်အစာစားပြီးနောက် သရေစာဖြင့်စားသုံးခြင်းသည် အိပ်ငိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေပါသည်။ အခြောက်ခံထားသော လက်ဖက်ခြောက်ကို လက်ဖက်ရည် အကြမ်းခပ်သောက်၍လည်း လက်ဖက်သုပ်နှင့် တွဲဖက်စားသုံးကြသည်။ လက်ဖက်ရည်ကြမ်းနှင့် လက်ဖက်သုပ်သည် အလွန်လိုက်ဖက်သော အစားအသောက်ပင်ဖြစ်သည်။ အချို့က လက်ဖက်သုပ်နှင့် ထမင်းကိုရောနှောနယ်ပြီး လက်ဖက်ထမင်းအပေါ် ကြက်ဥကြော်လေးတင်ကာ စားသောက်တတ်ကြသေးသည်။ 

လက်ဖက်သုပ်

"လက်ဖက်ရွက်သုပ်"ဆိုတာဘာလဲ။

လက်ဖက်သုပ်၏ နောက်ထပ်ပုံစံတစ်မျိုးကတော့ လတ်လတ်ဆတ်ဆတ်လှီးထားသော ခရမ်းချဉ်သီးများ၊ အချဉ်ဖောက်ထားသော လက်ဖက်ရွက်များ၊ ပဲကြော်၊ မြေပဲလှော်၊ နှမ်း၊ လှီးထားသောကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သံပုရာရည်လေးညှစ်ထည့်ပြီး ဆီလေးထည့်ကာ အားလုံးရောစပ်ပြီး သုပ်စားလေ့ရှိပါသည်။ အငန်ကြိုက်ပါက ငံပြာရည်လေးထည့်စားကြသည်။ လက်ဖက်သုပ်ရာတွင် ဆီသည် မပါမဖြစ်သော အရာဖြစ်ပါသည်။ မြေပဲဆီ၊ နေကြာဆီ၊ ပုစွန်ဆီစသဖြင့် မိမိကြိုက်နှစ်သက်သော စားသုံးဆီ အမျိုးမျိုးကို အသုံးပြုကြပါသည်။ ၎င်းကို လက်ဖက်ရွက်သုပ်ဟုခေါ်ကြသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်ကြီးနားမှလူအများသည် လက်ဖက်ရွက်သုပ်တွင် ပဲမှုန့်ထည့်စားလေ့ရှိကြသည်။ အနည်းငယ်စေးကပ်သော်လည်း အရသာမှာ အလွန်ကောင်းပါသည်။ မြန်မာနိုင်ငံရှိ လက်ဖက်ရွက်သုပ်စားသုံးသောပုံစံသည် နေရာဒေသလိုက်၍ အနည်းငယ် ကွဲပြားကြပြီး လက်ဖက်ရွက်ထွက်သော ဒေသများရှိသကဲ့သို့ မြေပဲအမျိုး မျိုးထွက်သောဒေသများ လည်းရှိကြပါသည်။ 

ဒေသခံများ၏တီထွင်ဖန်တီးမှုတစ်ခုဖြစ်သော လက်ဖက်သုပ်

ရန်ကုန်တွင် ညနေခင်းသို့ရောက်လာပြီဆိုပါက တွန်းလှည်းလေး‌ များနှင့်ရောင်းချနေကြသော ဈေးသည်များကို မကြာခဏတွေ့မြင်ရ ပါသည်။ ပဲပေါင်းပူပူလေးနှင့် ပြောင်းဖူးစေ့၊ လတ်လတ်ဆတ်

ဆတ်လှီးထားသော ခရမ်းချဉ်သီး၊ ငါးနီတူခြောက်ကြော်၊ ငရုပ်သီး၊ လက်ဖက်ချဉ်ရွက်နှင့် ပြုတ်ထားသော ပဲချပ်လေးများ  အားလုံးကိုရောစပ်ပြီး ရောင်းလေ့ရှိကြပါသည်။ ထိုလက်ဖက်ရွက်သုပ်သည် သရေစာအဖြစ်လည်းစားသုံးရသည်မှာ တစ်မူထူးခြားသော အရသာပင်ဖြစ်သည်။ လူအများ၏ရင်ထဲတွင် "ပြောင်းဖူးလက်ဖက်သုပ်" ဟု နေရာယူထားပါသေးသည်။ အလုပ်မှအိမ်ပြန်ကြသူများသည် အိမ်ပြန်လမ်းတွင်ဝယ်သွားလေ့ရှိပြီး ညနေဘက် အပြင်လျှောက်လည်ကြသူများလည်း သွားရောက်ဝယ်စားလေ့ရှိကြသည်မှာ မြန်မာတို့လက်ဖက် ကြိုက်ကြသည်ကို ဖော်ကျူးပြသသည့် ရန်ကုန်မြို့၏ နွေးထွေး မှုတစ်မျိုးပင်ဖြစ်သည်။

ပြောင်းဖူးလက်ဖက်သုပ်

ကျွန်မ၏စိတ်ထဲတွင် လက်ဖက်ဟူသောအသံကိုကြားလိုက်ရသည်ပင် စိတ်လှုပ်ရှားနေမိတတ်သည်။ နာမည်မှာလက်ဖက်ဟု ရိုးရိုးရှင်းရှင်းလေးဖြစ်သော်လည်း လက်ဖက်သုပ်တွင် ပါဝင် ပစ္စည်းအမျိုးမျိုးကိုလိုက်၍ မတူကွဲပြားသောအရသာများ၊ ကွဲပြားသောအရောင်များ၊ ကွဲပြားသောနေရာဒေသလိုက်၍ စားသုံးမှုပုံစံအမျိုးမျိုးစုစည်းထားသည့် မြန်မာတို့၏ ရိုးရာစားစရာ အစုအဝေးတစ်ခုပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ လက်ဖက်သုပ်၏ မတူကွဲပြားသော စားသုံးမှုပုံစံ၊ အရသာ၊ ခံစားချက်များကိုလေ့လာခံစားနိုင်ပြီး သင်အကြိုက်ဆုံးဖြစ်သော လက်ဖက်သုပ်နည်းလေးကိုလည်း မျှဝေပေးနိုင်ပါသည်။

Posted
Jun 22, 2022