တီဇစ်ကျေးရွာအကြောင်း

တီဇစ်ကျေးရွာသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်တည်ရှိပြီး ထားဝယ်မြို့မှ ၂၀ မိုင်ခန့်ကွာဝေးပါသည်။ တီဇစ်ကျေးရွာသည် အေးချမ်းသာယာပြီး တောတောင်ရေမြေ၊ ကမ်းခြေ၊ ရေတံခွန်စသည့် သဘာဝအလှတရားများဖြင့် ပြည့်နှက်နေသော တံငါရွာလေးတစ်ရွာဖြစ်ပါသည်။ ထိုရွာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကတည်းက တည်ရှိပြီး အိမ်ခြေ ၆၀၀ ကျော်နှင့် လူဦးရေမှာ ၃၅၀၀ ဝန်းကျင်ရှိပါသည်။ ရွာသူရွာသားများ၏ ၆၀% ခန့်သည် တံငါလုပ်ငန်း ကိုလုပ်ကိုင်ကြပြီး ကျန်ရွာသူရွာသား ၄၀%၏ တစ်ချို့သည် ဥယျာဉ်ခြံလုပ်ငန်းကိုလုပ်ကိုင်ကြပြီး တစ်ချို့မှာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံများတွင်သွားရောက်လုပ်ကိုင်ကြပါသည်။

တီဇစ်ကမ်းခြေအလှ (ဓာတ်ပုံ - @Peter Richards)

တီဇစ်ကျေးရွာသို့ ဘယ်လိုသွားရောက်နိုင်သလဲ။

တီဇစ်ကျေးရွာသို့ မော်တော်ဆိုင်ကယ်၊ ကားများဖြင့်သွားရောက်နိုင်ပြီး ထားဝယ်မှ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများနှင့်လည်း ချိတ်ဆက်ပြီးသွားနိုင်ပါသည်။ ထားဝယ်မြို့မှ တီဇစ်ကျေးရွာသို့ တစ်နာရီခန့်ကြာသွားရပါသည်။ တီဇစ်ရွာသို့ဝင်ရာလမ်းတလျှောက်တွင် ဆီအုန်းပင်များကိုမြင်ရမည်ဖြစ်ပြီး တောင်ပတ်လမ်းကို မောင်းနှင်ရသည့်အချိန်တွင် တီဇစ်ရွာတစ်ရွာလုံး၏အလှနှင့် သာယာလှ‌ပသောကမ်းခြေမြင်ကွင်းကို အပေါ်စီးမှရှုမြင်ရမည်ဖြစ်ပါသည်။ ထို့နောက် ရွာအဝင်ဝသို့ ရောက်ခါနီးတွင် ရွာအရှေ့ရေတံခွန်ကို လမ်းတစ်ဘက်ခြမ်းတွင် တွေ့ရမည်ဖြစ်သည်။ ထိုရေတံခွန်ကို မိုးရာသီတွင်သာတွေ့မြင်ရမည်ဖြစ်ပြီး ရေကူးခြင်း၊ အနားယူခြင်းများပြုလုပ်နိုင်ပါသည်။ 

တီဇစ်ရွာ၏ တောင်ပတ်လမ်းတလျှောက်မြင်ကွင်း (ဓာတ်ပုံ -Thu Thu )
တီဇစ်ရေတံခွန်ပုံ (ဓာတ်ပုံ - Pa)

ထို့အပြင် တီဇစ်ကျေးရွာတွင် တီဇစ်ကမ်းခြေနှင့် ဖိုးလမော်ကမ်းခြေဟူ၍ ကမ်းခြေနှစ်ခုရှိပါသည်။ တီဇစ်ကမ်းခြေသည် ရွာအလယ်တွင်တည်ရှိပြီး ဖိုးလမော်ကမ်းခြေသည် ရွာအဆုံးတွင် တည်ရှိပါသည်။ ထိုကမ်းခြေများသည် သဲဖြူများဖြင့် ကြည်လင်လှပသော ကမ်းခြေများဖြစ်ပါသည်။ ကမ်းခြေတွင် ရေကူးအနားယူနိုင်ပြီး ဒေသခံတံငါသည်များ၏လူနေမှုဘဝကို လေ့လာနိုင်ပါသည်။ ဖိုးလမော်ကမ်းခြေတွင် စားသောက်ဆိုင်များရှိသောကြောင့် လတ်ဆတ်သောပင်လယ်စာများနှင့် အုန်းရည်များကိုလည်းရနိုင်ပါသည်။ ထို့အပြင် တီဇစ်ရွာတွင် ဘုန်းကြီး‌ကျောင်းနှစ်ကျောင်းရှိပြီး ရပ်ရွာလူထု အခြေပြုခရီးသွား လုပ်ငန်း (CBT) ကိုလည်းဖော်ဆောင်လုပ်ကိုင်လျက်ရှိပါသည်။ Tizit CBT Program ကိုချိတ်ဆက်၍ ဒေသခံတံငါသည်တို့၏ လူနေမှုဘဝကို သွားရောက်လေ့လာရင်း လက်တွေ့ပါဝင်လုပ်ဆောင်နိုင်ပါသည်။

CBT တာဝန်ခံမှ ခရီးစဉ်အကြောင်း ရှင်းလင်းပြောပြနေပုံ (ဓာတ်ပုံ - @Peter Richards)

တီဇစ် CBT တွင်ပါဝင်သော ခရီးစဉ်များ

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းတွင် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း၊ လူနေမှုဘဝနှင့် သဘာဝအလှတရားများကိုကိုယ်တိုင် ပါဝင်ပြုလုပ်လေ့လာနိုင်ပြီး အခြားသူများကိုပြန်လည်မျှဝေနိုင် ခြင်းဖြစ်ပါသည်။ တီဇစ် CBT တွင် ဒေသခံတံငါသည်များ၏ လူနေမှုဘဝကို သိရှိနိုင်ပြီး ခရီးစဉ်တွင်   အဖွဲ့ဝင်များမှ ဒေသထွက်မုန့်များဖြင့်ဧည့်ခံကြိုဆိုခြင်း၊ တာဝန်ခံမှခရီးစဉ်အကြောင်းနှင့် ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း၊ အဖွဲ့ဝင်များမှ ငါးဖမ်းကိရိယာများနှင့်တကွ ဒီ‌ရေအတက် အကျအပေါ်မူတည်၍ အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြသခြင်း၊ လွန်ခဲ့သောနှစ်များစွာက ဆောက်လုပ်ထားသော ရှေးဟောင်းအိမ်တွင် အိမ်ဆောက်လုပ်ထားပုံကို လေ့လာနိုင်ပြီး ထားဝယ် ရိုးရာဝတ်စုံများဝတ်ဆင်၍ အမှတ်တရဓာတ်ပုံများ ရိုက်နိုင်ခြင်း၊ ဂဏန်းပြင်တွင် ခရုရှာခြင်း၊ ဂဏန်းရှာခြင်း၊ ပိုက်ကွန်ဖြင့်ငါးဖမ်းခြင်းများကို  ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်ပြီး၊ ကမ်းခြေတွင်ရေကူးအနားယူနိုင်ခြင်း၊ ဒေသခံတံငါသည်တို့၏ ငါးဖမ်းနေမှုများကို ကြည့်ရှုခံစားနိုင်ခြင်းနှင့် ကမ်းခြေတွင် နေဝင်ဆည်းဆာကြည့်ရှုရင်း CBT အဖွဲ့ဝင်များမှ တည်ခင်းသော ပင်လယ်စာနှင့် ဒေသထွက်အစားအစာများကိုသုံးဆောင်နိုင်ခြင်းတို့ဖြစ်ပါသည်။ 

တီဇစ် CBT မှဒေသထွက်မုန့်များဖြင့် ဧည့်ခံနေပုံ(ဓာတ်ပုံ - @Peter Richards)
CBT အဖွဲ့ဝင်များမှ ငါးဖမ်းကိရိယာများဖြင့် ရှင်းလင်းပြသနေပုံ(ဓာတ်ပုံ - @Peter Richards)

တီဇစ် CBT တွင် လက်တွေ့ပြုလုပ်နိုင်သော Activities များ

တီဇစ် CBT တွင် ခရုရှာ၊ ဂဏန်းရှာခြင်း နှင့် ငါးဖမ်းခြင်းများကို ကိုယ်တိုင်လက်တွေ့ပြုလုပ်ရန် အတွက် CBT ကြိုဆိုဧည့်ခံရေးစင်တာမှ ဂဏန်းပြင်သို့ ၁၀ မိနစ်ခန့် လမ်းလျှောက်သွားရပါသည်။ ဂဏန်းပြင်သို့ရောက်သောအခါ “Hands-on experience”  ကို CBT ဧည့်လမ်းညွှန်များနှင့်အတူ အချိန် ၁၅ မိနစ်ခန့် လက်တွေ့ပြုလုပ်နိုင်ပါသည်။ လက်တွေ့ပြုလုပ်ခြင်းများပြီးသောအခါ ကမ်းခြေသို့ ဆက်လမ်းလျှောက်သွား၍ ကမ်းခြေတလျှောက်တွင် အပန်းဖြေအနားယူခြင်း၊ ရေကူးခြင်း၊ ငါးဖမ်း သမားတံငါသည်တို့၏ဘဝကို ကြည့်ရှုခံစားနိုင်ခြင်း၊ သာယာလှပသောပင်လယ်ကမ်းခြေနှင့်အတူ သဘာဝဆန်ဆန် အလှပုံများရိုက်နိုင်ခြင်း၊ တီဇစ် CBT ချက်ပြုတ်ရေးအဖွဲ့မှ ချက်ပြုတ်ဧည့်ခံသော ဒေသထွက်ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာများကို အိမ်ချက်လက်ရာဖြင့် သုံးဆောင်နိုင် မည်ဖြစ်ပါသည်။ ထို့အပြင်ညစာစားရင်း တီဇစ်ကမ်းခြေ၏ နေဝင်ဆည်းဆာအလှကိုလည်း ကြည့်ရှုခံစားနိုင်ပါသည်။ တီဇစ် CBT ၏ နေ့ခရီးစဉ်သည် နေဝင်ဆည်းဆာအလှနှင့်အတူ ကမ်းခြေတွင်ပြီးဆုံးသွားပါသည်။

ခရု၊ ဂဏန်းရှာ လက်တွေ့ပြုလုပ်နေပုံ (ဓာတ်ပုံ - @Peter Richards)
တီဇစ် CBT မှဧည့်ခံကျွေးမွေးသော ညနေစာ (ဓာတ်ပုံ - @Peter Richards)

အချုပ်အားဖြင့်ဆိုသော် တီဇစ်ကျေးရွာသည် သဘာဝတောတောင်၊ ရေတံခွန်၊ ပင်လယ်ကမ်းခြေ များနှင့်ပြည့်နှက်နေသောရွာဖြစ်၍ သဘာဝအလှတရားကို ကြည့်ရှုခံစားနိုင်ပြီး  တံငါသည်တို့၏ နေ့စဉ်ဘဝနှင့် အသက်မွေးဝမ်းကြောင်း ငါးဖမ်းလုပ်ငန်းကိုလည်း တီဇစ်ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)ကို ချိတ်ဆက်ခြင်းအားဖြင့် လက်တွေ့လေ့လာနိုင်ပါသည်။ ထို့ကြောင့် ထားဝယ်မြို့သို့အလည်ရောက်ခဲ့လျှင် တီဇစ်ရွာသို့သွားရောက်လည်ပတ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

တီဇစ်ကမ်းခြေနေဝင်ဆည်းဆာအလှ (ဓာတ်ပုံ - @Peter Richards)

တီဇစ် CBT ကို ချိတ်ဆက်ရန်အတွက် သိသင့်သော ဆောင်ရန်/ရှောင်ရန်များ

  • ခရု၊ဂဏန်းရှာခြင်းနှင့် ငါးဖမ်းခြင်းများပြုလုပ်ရန် ကွင်းပြင်သို့ လမ်းလျှောက်သွားရမည်ဖြစ်သဖြင့် သက်တောင့်သက်သာရှိသော ဖိနပ်၊ ထီး၊ ဦးထုပ်၊ ရေဘူးနှင့် နေရောင်ကာကွယ်နိုင်သောပစ္စည်းများ ယူသွားရန်လိုအပ်ခြင်း။ 
  • Hands-on experience လုပ်ရာတွင် လက်ထိခိုက်ရှနာမှုမရှိစေရန် ဂရုပြုလုပ်ဆောင်ရန်။
  • သိချင်သောအကြောင်းအရာများနှင့် လိုအပ်ချက်များရှိပါက CBT Guide များကို မေးမြန်းပြောဆိုနိုင်ခြင်း။
  • ရေနက်သောနေရာနှင့် ကျောက်ဆောင်အနီးတွင် ရေကူးလျှင် လုံခြုံစိတ်ချမှုမရှိနိုင်သောကြောင့် သတ်မှတ်ထားသောဧရိယာအတွင်းတွင်သာ ရေကူးခြင်းပြုရန်။
  • ကမ်းခြေတလျှောက်နှင့်ပင်လယ်ထဲသို့ အမှိုက်များစွန့်ပစ်ခြင်းမပြုရန်။
  • အစားအသောက်ပြင်ဆင်ပေးရာတွင် အဆင်ပြေစေရန်အတွက် မိမိနှင့်ဓာတ်မတည့်သော အစားအစာများရှိလျှင် Booking လုပ်သည့်ချိန်တွင် CBT တာဝန်ခံအား ပြောဆိုဆွေးနွေးပေးပါရန်။

Social Media ပေါ်မှ တီဇစ်ကျေးရွာနှင့်ပတ်သက်သော Short Video များကို အောက်ပါ Links များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Posted
Jun 27, 2022